မြောက်ဦး ဧပြီ ၁၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ လက်ကောက်ဈေးရပ်ကွက် အလိုတော်ပြည့်ဘုန်းတော်ကြီး ကျောင်းတိုက် အတွင်းရှိ အောင်ဗောဓီဓမ္မရိပ်သာ၌ ရခိုင့်ရိုးရာအစဉ်အလာအတိုင်း နှစ်စဉ်ကျင်းပ ပြုလုပ်မြဲဖြစ်သော မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးပြီး ယနေ့ နံနက် ၉ နာရီက အဆိုပါဘုန်းတော်ကြီး ကျောင်း၌ ပူဇော်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ဦးကျော်ဆန်းကျော်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့မိ/မြို့ဖများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အပူဇော်ခံ သက်ကြီးရွယ်အိုများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို နမောတဿ သုံးကြိမ်သံပြိုင်ရွတ်ဆိုဖွင့်လှစ်သည်။ ဆက်လက်၍ မင်္ဂလာပိုဒ်စုံရတု သီဆိုဖွင့်လှစ်ခြင်းနှင့် ဗဟိုစည်တေးသီချင်းဖြင့် သီဆိုပြီး တက်ရောက်လာသော အပူဇော်ခံ သက်ကြီး အဘိုး/အဘွား များအား ဂုဏ်ပြုပူဇော်ကြသည်။
ဆက်လက်၍ သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတီဉက္ကဋ္ဌ ဦးစောရွှေမောင်က ပူဇော်ကန်တော့ပွဲ ဖြစ်မြောက်ရေး အတွက် ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်း ပြောကြားခဲ့သည်။
သက်ကြီးပူဇော်ပွဲအား ကျင်းပပြုလုပ်ရာ တက်ရောက်လာကြသော သက်ကြီးရွယ်အို အဘိုး/အဘွား (၁၇၂)ဦးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များမှ လှူဒါန်းသည့် လှူဒါန်းငွေများနှင့် ဝတ္ထုပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြပြီးနောက် မတက်ရောက်နိုင်သော သက်ကြီးအဘိုး/ အဘွားများ အတွက်လည်း အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့ပေါ်တွင်လည်း နှစ်ဆန်းတစ်ရက်နေ့၌ မိဘပြည်သူများမှ ဘုရား၊ ကျောင်းကန်များသို့ သွားရောက်ပြီး ကုသိုလ်ဒါနပြုလုပ်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ စတုဒိသာကျွေးမွေးခြင်းနှင့် ရှေးဟောင်းဘုရား၊ ပုထိုး စေတီများတွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများမှ ကုသိုလ်ဒါနလှူဒါန်းမှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)