ညောင်ဦးမြို့နယ် ကန်နီပေါက်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

ညောင်ဦး ဧပြီ ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံနယ်မြေမီးသတ်စခန်း၏ အရှေ့တောင်ဘက် ၈မိုင်ခန့် အကွာရှိ ကန်နီပေါက် ကျေးရွာတွင် ယမန်နေ့ နံနက် ၂ နာရီ နှစ်ဆယ်ငါးမိနစ်အချိန်က မီးဖိုထဲ မီးကြွင်းမီးကျန် မှတစ်ဆင့် နေအိမ်ထရံကို ကူးစက်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကောင်းထက်နိုင်နှင့် မီးသတ်ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် ဝန်ထမ်းများ၊ ပုဂံနယ်မြေ မီးသတ်စခန်းမှ မီးသတ် ဝန်ထမ်းများ၊အရံမီးသတ် တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်လေးစီး၊ ရေသယ်ယာဉ်သုံးစီး အထောက်အကူပြု ယာဉ်တစ်စီး   က သွားရောက် မီးငြိှမ်းသတ်ရာ ၃ နာရီအချိန်တွင် မီးထိန်းချုပ် နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ၂၀ပေx ၂၀ပေ ပတ်လည် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနှစ်ထပ်အိမ် တစ်လုံး၊ ၁၀ပေx၈ပေ သွပ်မိုး၊ ထရံကာမြေစိုက်အိမ်တစ်လုံး၊ ၁၅ပေx၁၅ ပေ နွားစာလှောင်သည့် တဲတစ်လုံး ပျက်စီးဆုံးခဲ့ပြီး တန်ဖိုးငွေ ၇၅၀၀၀၀ ကျပ် ဆုံးရှုံးခဲ့ကြောင်းနှင့် မီးပေါ့ဆစွာ အသုံးပြုသူအိမ်ပိုင်ရှင်အား ပုဂံနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကိုထိန်၊KPD