မိုင်းယု ဧပြီ ၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရှမ်းတိုင်းရင်းသားတို့သည် နှစ်ဟောင်းကုန်၍ နှစ်သစ်ကို ကူးပြောင်းလာသည့် သင်္ကြန် (အတက်နေ့)သည် ရှမ်းတိုင်းရင်းသားတို့၏ နှစ်ဆန်းတစ်ရက်နေ့ ဖြစ်ခဲ့လေပြီး ယင်းနေ့၌ ရှမ်းအရှေ့ပိုင်း ရှမ်းတိုင်းရင်းသားများ အားလုံးတို့သည် ကမ်းခြေ၊ လယ်ကွင်းပြင်နှင့် လူသူနည်းပါးသည့် နေရာတို့၌ ပျော်ရွှင်စွာ အိုးစည် ဗုံးမောင်းတီး၍ မီးရှူးမီးပန်း လွှတ်တင်ကာ နှစ်သစ်ကို ကြိုဆိုကြသည့် ပွဲတော်ဖြစ်သည်။
ထိုနေ့ နံနက် နိုးစက်ဖြစ်သည့် ကြက်ဖ၊ အုံးမောင်းသံတို့ ကြားသည့်အချိန်မှစ၍ တိုင်းရင်းသား သက်ကြီးရွယ်အိုဘိုးဘွား၊ ရပ်မိရပ်မိဖ၊ ကလေးလူကြီးနှင့် ကျေးရွာစျေးသည်များပါမကျန် မိမိတို့၏ အထွဋ်အမြတ်ထားသည့် ရပ်ကွက်/ကျေးရွာ ဘုန်းကြီးကျောင်းသို့ ဘိုးဘွားများက စက္ကူအဖြူရောင် အလံငယ်နှင့် ရှမ်းဖယာင်းတိုင်တို့ကိုကိုင်လျက် တုန်ချီနေသော ခြေလှမ်းအစုံ၊ ရပ်မိရပ်ဖ၊ ကာလသား လူပျိုအပျိုတို့က လွှတ်တင်ရန် မီးရှူးမီးပန်းများကို ထမ်းသူက ထမ်း၊ အိုးစည် ဗုံးမောင်းတီးသူက တီး၊ ရိုးရာလဝုန်းကသူကလျက် နှစ်သစ်ကို ကြိုဆိုရန် ဦးတည်ရောက်ရှိလာခဲ့ပါတော့သည်။
ဘုန်းကြီးကျောင်းသို့ရောက်သည်နှင့် မိမိတို့ ဘုန်းကြီးကျောင်းဝင်းအနီး သဲပုံစေတီပြုလုပ် ပူဇော်ရန် သဲပုံသူက ပုံ၊ မီးရှူးလွှတ်တင်ရန် သင့်တော်ရာ နေရာတို့၌ ဉာဏ်စင်ဆောက်အဖွဲ့က ဆောက်၊ စားသောက်ပျော်ပါးရန် ချက်ပြုတ်သူက ချက်ပြုတ်၊ ပွဲတော်တွင်း ဝမ်းစာအရေး တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိရန် စျေးခင်းသူက ခင်လျက် ယင်းမြင်ကွင်းကို မြင်တွေ့ရသူများအဖို့ စိတ်မှာပင် သစ်လွှင့်စေလေသည့်အလား ခံစားရသည်။
နှစ်သစ်ကူးပွဲတော်အတွက် လုပ်ငန်းများ အဆင်သင့်ပြီးစီးသည်နှင့် အသက်ကြီးဘိုးဘွား၊ ကလေး လူကြီးများပါမကျန် ဘုန်းကြီးကျောင်းအတွင်းသို့ဝင်ကာ တရားဘာဝနာပွားများခြင်း၊ သံဃာတော် အရှင်သူမြတ်တို့မှ တရားတော်များ ချီးမြှင့်ပေးခြင်း၊ ခဲဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ် လှူဒါန်းခြင်းနှင့် ဥပုဒ်သီလစောင့်သီ်ခြင်းများ ပြုလုပ်ကြပြီးနောက် ကျောင်းဝင်းအနီး သဲပုံစေတီ ပြုလုပ်ကာ ရှမ်းဖယာင်းတိုင်၊ စက္ကူအဖြူရောင် အလံငယ်များစိုက်၍ ဆီးမီးထွန်းညှိခြင်းနှင့် ခဲဖွယ်များ ကပ်လှူဒါန်း၍ ဆုတောင်းခြင်းများ ပြုလုပ်သူက လုပ်၊ အိုးစည်ဗုံးမောင်းတီး၍ လဝုန်းအကကသူကက၊ မီးရှူးမီးပန်းများ လွှတ်တင်သူက လွှတ်တင်ကြပြီးနောက် အစုအဖွဲ့လိုက် ဝိုင်းဖွဲ့စားသောက်ကာ စုပေါင်း ပျော်ရွှင် စိတ်ချမ်းမြေ့စွာ နှစ်ဟောင်းမှ အညစ်အကြေးများကိုစွန့်၍ နှစ်သစ်အတွက် သန့်စင်မွန်မြတ်သော စိတ်သစ်လူသစ်ဖြင့် ဆထက်တံပိုး အောင်မြင်တိုးတက်နိုင်ရန် ကြဆိုကြသည် ရှမ်းတိုင်းရင်းသားတို့၏ မွန်မြတ်အရေးပါသည့် ပွဲတော်တစ်ခု ဖြစ်သည်။
ကိုကိုနိုင်(မိုင်းယု)