မိုင်းယောင်းမြို့နယ်၌ နေရပ်ပြန် မြန်မာအလုပ်သမားများအား ကြိုဆိုလက်ခံ

မိုင်းယောင်း ဧပြီ ၁

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် အလုပ်လုပ်ကိုင်ပြီး ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၀၃ ဦးသည် ဧပြီ ၁၅ ရက်က အထူးဒေသ() နမ့်ပန်းဒေသမှတစ်ဆင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မိုင်းယု-ကျိန်းယဲန်းတံတားမှ ပြန်လည်ဝင်ရောက်လာရာ တာဝန်ရှိသူများက ၎င်းတို့၏ နေရပ်အသီးသီးသို့ လုံခြုံချောမွေ့စွာ ပြန်လည်ရောက်ရှိနိုင်ရန် ကူညီဆောင်ရွက် ပေးခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ယင်းနေရပ်ပြန် မြန်မာအလုပ်သမားများအား အထူးဒေသ(၄) နမ့်ပန်းဒေသ ဒုတိယအုပ်ချုပ်ရေးမှူး ဦးအိုက်ဆမ်မွန်း၊ ကျိန်းယဲန်း ရဲစခန်းမှူး မောင်အေးနှင့် နမ့်ပန်းဆက်ဆံရေးဌာန တာဝန်ခံ ဦးအားန တို့ပါဝင်သော အဖွဲ့က ဧပြီ ၁၅ ရက် နေ့လည် ၁၂ နာရီခွဲတွင် အထူးဒေသ(၄) နမ့်ပန်းဒေသနှင့် မိုင်းယုမြို့ ဧရိယာအစပ်သို့ မော်တော်ယာဉ် ရှစ်စီးဖြင့် လာရောက် ပို့ဆောင်ပေးခဲ့ရာ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူနှင့် အဖွဲ့ဝင်များ၊ လဝကမှူး ဦးပွားမောင်နှင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့က ကြိုဆိုလက်ခံခဲ့သည်။

ထို့နောက် ကျန်းမာရေးစစ်ဆေးခြင်း၊ လူဦးရေစစ်ဆေးခြင်းများကို ဆောင်ရွက်ပြီး ညနေ ၃ နာရီ ၁၇ မိနစ်တွင် မော်တော်ယာဉ် ငါးစီးဖြင့် မိုင်းယုမှ မိုင်းဖြတ်သို့ စတင်ထွက်ခွာခဲ့သည်။ မိုင်းယောင်းမြို့ အရောက်တွင် ပြည်ကျော်ဟိန်းကုမ္ပဏီလီမိတက်မှ ထမင်းကြော်နှင့် ခေါက်ဆွဲကြော်များ၊ ရွှေဟင်္သာ သောက်ရေသန့်စက်ရုံမှ သောက်ရေသန့်ဘူးများကို အသီးသီး ပေးဝေခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း