မိုင်းယု ဧပြီ ၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့သို့ အထူးဒေသ(၄)၊ နမ့်ပန်းဒေသ၌ နေရပ်ပြန် မြန်မာအလုပ်သမား(၂၀၃)ဦးကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က မိုင်းယု-ကျိန်းယဲန်းတံတားမှတစ်ဆင့် မိုင်းယုဖက်သို့ သက်ဆိုင်ရာ အဖွဲ့များက ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ နေရပ်များဖြစ်ကြသည့် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ ကျား(၁၁၅)ဦး၊ မ(၈၈)ဦး စုစုပေါင်းအလုပ်သမား (၂၀၃)ဦးတို့ကို ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် အထူးဒေသ(၄)၊ နမ့်ပန်းဒေသမှ ဒု-အုပ်ချုပ်ရေးမှူး ဦးအိုက်စိုင်းမွန်းနှင့် ဆက်ဆံရေး ဌာနခွဲမှူး ဦးအားနတို့အဖွဲ့က မိုင်းယု-ကျိန်းယဲန်းတံတားပေါ်တွင် လွှဲပြောင်းပေးအပ်ကာ မိုင်းယောင်းမြို့နယ် ယာယီနည်းဗျူဟာ(၃)မှူး ဒုမှူးကြီး ဟိန်းထက်အောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ မိုင်းယောင်းမြို့နယ် ဒုရဲမှူးရဲဝင်းနိုင်နှင့် မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး တို့က လက်ခံကြိုဆိုခဲ့ကြသည်။
ယင်းနောက် နေရပ်ပြန်အလုပ်သမားများကို မြို့မရပ်ကွက်ရှိ ကားကြီးကွင်းအနီးတွင် မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာအဖွဲ့တို့က မိမိဒေသသို့ နိုင်ငံတော်မှ သတ်မှတ်ထားသည့်အတိုင်း သွားရောက်ရမည်စသည့် အခြေအနေများကို ရှင်းလင်း ပြောကြားပြီး စစ်ဖက်ဆိုင်ရာအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့များ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့များက လိုအပ်သည့် လူဦးရေစာရင်းများ ကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အစားအသောက်များ ဝေငှပေးခြင်း၊ သတ်မှတ်လိုင်းကားများ စီးနင်နိုင်ရန်စီစဉ် ပေးခြင်းများ ပြုလုပ်ပေးကြပြီး မိုင်းယုမြို့ မှတစ်ဆင့် စတင်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)