မိုင်းယောင်းမြို့၌ တန်ခိုးကြီး ဘုရားဖြစ်သည့် “ရှဲန်တောင်း”ဘုရား၊ “ဖကျောက်တစ်”ဘုရားများ လှည့်လည်ရေသပ္ပါယ် ကြည်ညိုပူဇော်ခံ

မိုင်းယောင်း ဧပြီ ၁၅

မြန်မာမိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်း မြို့နယ်၌ တန်ခိုးကြီး ဘုရားဖြစ်သည့် “ရှဲန်တောင်း”ဘုရား၊ “ဖကျောက်တစ်”ဘုရားအား မြို့တွင်း လှည့်လည် ရေသပ္ပါယ်ကြည်ညိုခံခြင်းကို သင်္ကြန် အကြတ်နေ့တွင် ပင့်ဆောင်ပူဇော်ကြောင်း မြို့နယ် ဂေါပကအဖွဲ့မှ သိရသည်။

ဓာတ်လုံစွမ်ယောင်း(ထပ်လုံ)စေတီတွင် တန်ခိုးကြီးသော ဉာဏ်တော် ၄၅ လက်မခန့်ရှိ ရှဲန်တောင်းဘုရား (ကြေးဖြင့် သွန်းလုပ်ထားသော သိန်းဘုရား)နှင့် ဉာဏ်တော် ၂၇ လက်မရှိ ဖကျောက်တစ် (ဆုတောင်းပြည့်)ဘုရား နှစ်ဆူရှိပါသည်။ ယိုးဒယားများ ခေတ္တအုပ်ချုပ်ခဲ့စဉ်က တန်ခိုးကြီး ဘုရားဖြစ်၍ ဆင်ဖြင့်ပင့်ရာ ဘုရားများမှ မကြွလိုသဖြင့် ဆင်ကို လေးလံစေသောကြောင့် ဆင်မထနိုင်ဘဲ အော်၍နေသည်ကို လူနှစ်ယောက် အသာပင်ပင့်မ၍ မူလနေရာဟောင်း ဓာတ်လုံ စွမ်ယောင်းတွင် ပြန်လည်ထားခဲ့ရကြောင်း သိရပါသည်။

အဆိုပါ ကြေးဘုရားဖြစ်သော ရှဲန်တောင်းဆင်းတုတော်လိုပင် တန်ခိုးကြီးသောဘုရား ရှမ်းပြည်နယ် အရှေ့ပိုင်း (သံလွင်အနောက်)နှင့် ယိုးဒယားတွင် သုံးဆူသာ ရှိကြောင်း၊ တာချီလိတ်မြို့နယ်မှ မိုင်းလင်းတွင် လန့်တောင်းဘုရား (ကြေးဖြင့်သွန်းလုပ်ထားသော သန်းဘုရား)နှင့် ယိုးဒယားနိုင်ငံတွင် ချင်းမိုင်အနီးရှိ ကျင်းရှဲန်မြို့တွင် လန့်တိ တောင်းဘုရား(ဆယ်သန်းဘုရား)ရှိကြောင်း သိရသည်။

ဝမ်တောင်းရှိ ဘုရားကုန်းမြေသည် မြို့နှင့် ခုနှစ်မိုင်ခန့်ဝေးပြီး ဗကပနှင့် ရောင်စုံသောင်းကျန်းသူများ ခိုနားရာနေရာ ဖြစ်နေ၍ အဆိုပါ “ရှဲန်တောင်း”ဘုရားနှင့် “ဖကျောက်တစ်”ဘုရားနှစ်ဆူကို တောင်းပန်ပင့်ဖိတ်ပြီး မြို့တွင်းရှိ ဟိုခုံကျောင်း၌ ယနေ့တိုင် ထားရှိကိုးကွယ်လျက်ရှိကြောင်း သိရသည်။

သင်္ကြန်အကြတ်နေ့တွင် ဒေသခံတိုင်းရင်းသား ပြည်သူများသည် မိမိနေအိမ်နှင့် မိမိတို့၏ ကျေးရွာ ဘုန်းတော်ကြီး ကျောင်းရှိ ကိုးကွယ်ပူဇော်ထားသော ဘုရားဆင်းတုတော်များကိုလည်း ကင်ပွန်းရေ၊ အမွေးနံ့သာရေများဖြင့် သပ္ပါယ် ကြည်ညိုပူဇော်ကြသည်။

ထို့ပြင် ရှေးဟောင်းသမိုင်းဝင် ဓာတ်လုံစွမ်ယောင်းစေတီတော်၊ သမိုင်းဝင်ဗောဓိရွှေညောင်ပင်၊ ဈာန်ရကိုရင်ကြီး တောရကျောင်း၊ စွန်ဟိန်းဂူ၊ ထပ်ပူခမ်း၊ မဟာမြတ်မုနိဘုရားကြီး စသော တန်ခိုးကြီး ဘုရားများ၌ ဘုရားရေသပ္ပါယ် ကြည်ညိုခြင်းကို ဓလေ့ရိုးရာနှင့်အညီ ပြုလုပ်ပူဇော်ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း