သံတွဲ ဧပြီ ၁၄
ယနေ့သည် ဧပြီ ၁၄ ရက်နေ့ နှစ်သစ်ကူး အတာသင်္ကြန်အကျနေ့ဖြစ်ပေရာ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ငပလီကမ်းခြေတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်၍ အပန်းဖြေအနားယူသူများ၊ ရေကူးကြသူများ၊ စျေးရောင်းသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ငပလီကမ်းခြေသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ခရီးသွားဧည့်သည်များ တည်းခိုနေထိုင်ရေး အဆင်ပြေစေရန်အတွက် ကမ်းခြေရှိ ဟိုတယ်များ၊ တည်းခိုခန်းများနှင့် စားသောက်ဆိုင်များကို ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်ထားကြောင်းလည်း သိရသည်။
ငပလီကမ်းခြေကို ယခင်နှစ် သင်္ကြန်ကာလမှ စ၍ ကိုဗစ်-၁၉ ရောဂါကြောင့်ပိတ်ထားခဲ့သည့်အတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများကိုပါ ပိတ်သိမ်းထားခဲ့ရပြီး ယခုနှစ်တွင်မှ ကမ်းခြေနှင့်အတူ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ငပလီကမ်းခြေသည် သံတွဲမြို့မှ (၄)မိုင်ကျော် ကွာဝေးပြီး ကမ္ဘာကျော် ကမ်းခြေတစ်ခုဖြစ်ကာ ပြည်တွင်းပြည်ပ ခရီးသွားများအနေဖြင့် အထူးစိတ်ဝင်စားကြသည့် ကမ်းခြေတစ်ခုဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)