မြောက်ဦး ဧပြီ ၁၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ နှစ်သစ်ကူးအတာသင်္ကြန်အကျနေ့တွင် ရခိုင့်ရိုးရာယာဉ်ကျေးမှုဓလေ့စရိုက်ထုံးစံတစ်ခုဖြစ်သည့် ရခိုင့်ရိုးရာနံ့သာသွီး ပြိုင်ပွဲကို မြောက်ဦး လူငယ်များအစည်းအရုံးမှကြီးမှူး၍ ယမန်နေ့ညနေ ၆ နာရီအချိန်က ကြက်ဈေးရပ်ကွက် ဦးဥတ္တမပန်းခြံအတွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရခိုင်ရိုးရာနံ့သာသွီးပြိုင်ပွဲသို့ ပြိုင်ပွဲကျင်းပရေးကော်မတီ မြောက်ဦးလူငယ်များ အစည်းအရုံး မှ ဦးအောင်ခိုင်စိုး၊ (M.U.Y.A)ရုံးမှ အဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်ကွက်အသီးသီးမှ နံ့သာသွီး ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။
ဆက်လက်၍ ရခိုင့်ရိုးရာနံ့သာသွီးပြိုင်ပွဲကျင်းပ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဦးအောင်ခိုင်စိုးမှ ရခိုင့်ရိုးရာ အစိုင်အလာ၊ ဓလေ့စရိတ်များမပျောက်ပျက်စေရေးအတွက် ရခိုင့်ရိုးရာ နံ့သာသွီးပြိုင်ပွဲအား နှစ်စဉ်နှစ်တိုင်းကျင်းပနိုင်ရေးအတွက် ဆက်လက်ပြု လုပ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြိုင်ပွဲဝင်များအားမိတ်ဆက်ခြင်း၊ အမှတ်ပေးဒိုင်များအား မိတ်ဆက်ခြင်း၊ ပြိုင်ပွဲနှင့်ပတ်သက်၍ အမှတ်ပေးစည်းမျဉ်းစည်းကမ်းချက်များအား အမှတ်ပေးဒိုင် ဒေါ်စန္ဒာဝင်းက ရှင်းလင်းဖတ်ကြားပြီးနောက် ရခိုင့်ရိုးရာနံ့သာသွီးပြိုင်ပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်များက တစ်ဦးနှင့်တစ်ဦးအပြိုင်အဆိုင် ယှဉ်ပြိုင်နေမှုများအား လာရောက်ကြည့်ရှုသူ ပရိသတ်များမှ စိတ်ပါဝင်စားစွာအားပေး ကြည့်ရှုကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြင့်ခဲ့ကြောင်းသိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)