ကျောက်ဆည် ဧပြီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ယနေ့နံနက် ၈ နာရီအချိန်ခန့်က မိုးရွာသွန်းမှုနှင့်အတူ လေပြင်းများတိုက်ခတ်ခဲ့သဖြင့် ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးရှိ သစ်ပင်ကြီးများနှင့် ဘုန်းတော်ကြီးကျောင်းအချို့ရှိ သစ်ပင်ကြီးများပြိုလဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မိုးသက်လေပြင်းကျရောက်မှုကြောင့် ကျောက်ဆည်မြို့မှ မန္တလေးမြို့ဘက်အထွက် ရန်ကုန်-မန္တလေး ကားလမ်းကြီးဘေး သင်တောင်ကျေးရွာအနီးရှိလမ်းမှ သစ်ပင်များ၊ ဆူးကုန်းရပ်ကွက် ရေနား ဘုန်းတော်ကြီးကျောင်းနှင့် ရှားပင်ကျေးရွာမှ ဘုန်းတော်ကြီးကျောင်းတို့တွင် သစ်ပင်လဲခြင်း ကျောင်းဆောင်သွပ်အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါသစ်ပင်များပြိုလဲရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်၊ မြို့နယ် ရဲတပ်မှူး ရဲမှူးသိန်းလွင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်အေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သော်တာဝင်းကုမ္ပဏီမှ မန္တလေး၊ ကျောက်ဆည် ကားလမ်းတာဝန်ရှိသူများက ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးနှင့် အန္တရာယ်ကင်းရှင်းစေရေးတို့ အတွက် သစ်ပင်ဖြတ်တောက် စက်ကိရိယာများ၊ သစ်ကိုင်းခုတ်ဓားများနှင့်အတူ ကရိန်းများ အသုံးပြုကာ ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး သစ်ပင်ပြိုလဲမှုများကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)