မိုင်းယောင်း ဧပြီ ၁၄
သင်္ကြန်ရာသီတွင် မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဒေသလုပ် ရိုးရာမီးရှူးများ ရောင်းအား ကောင်းလျက်ရှိကြောင်း သိရသည်။
“မိမိတို့ရဲ့ ဘိုးဘွားအမွေနဲ့ ရိုးရာအဆင်အလာ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းတဲ့အနေနဲ့ရယ်၊ မီးရှူးမီးပန်းများ ပြုလုပ်တဲ့နည်းအတတ်တွေ၊ မပျောက်ကွယ် သွားရအောင်ရယ်၊ ထိန်းသိမ်းချင်တာရယ်အတွက် ပြုလုပ် ရောင်းချခြင်းဖြစ်ပါတယ်။ မနှစ်က မီးရှူး တစ်ခုလျှင် ကျပ် ၂၅၀၀ မှ ကျပ် ၄၅၀၀ အထိ ရောင်းရပြီးတော့၊ အခုနှစ်မှာက တစ်ခုလျှင် ကျပ် ၃၀၀၀ မှ ကျပ် ၅၀၀၀ အထိ ရောင်းရပါတယ်၊ ရောင်းကောင်းပါတယ်”ဟု မီးရှူးမီးပန်း ပြုလုပ်ရောင်းချသူ အမျိုးသမီး တစ်ဦး၏ ပြောပြချက်အရ သိရသည်။
နှစ်သစ်တွင် ကံကောင်းခြင်းများနှင့် ပြီးပြည်စုံရန်၊ နေကောင်းကျန်းမာရန်၊ ကောင်းခြင်း မင်္ဂလာများ ယူဆောင်လာပေးရန် စသော ယုံကြည်မှုများဖြင့် နှစ်ဆန်း တစ်ရက်တွင် ဘုန်းတော်ကြီးကျောင်း၌ ကောင်းမှု ကုသိုလ်များ ပြုလုပ်ပြီးလျှင် သတ်မှတ်ထားသော မြေညီကွင်းပြင် နေရာ၌ အိုးစည်ဗုံမောင်းများ တီးခတ်ကခုန်လျက် ပျော်ရွှင်စွာ ပစ်လွှတ်ကြသည်။
မိုင်းယောင်းမြို့နယ်တွင် ဒေသခံပြည်သူများသည် အဆိုပါ နှစ်သစ်ကူးမီးရှူးများ ပစ်လွှတ်ခြင်းဓလေ့ကို တန်ဖိုးထားကာ ရိုးရာအစဉ်အလာများနှင့်အညီ ယနေ့အထိ ဂုဏ်ယူမြတ်နိုးစွာ ပစ်လွတ် ကျင်းပ လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း