မြစ်ကြီးနား ဧပြီ ၁၄
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် ဖွင့်လှစ်ပို့ချပေးသည့် ကွန်ပျူတာ စွမ်းရည်မြင့်မားရေး သင်တန်းဖွင့်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည် မြင့်မားရေး သင်တန်းဆင်းပွဲများသို့ ဧပြီ ၁၂ ရက်က တက်ရောက် အားပေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ မေခခခန်းမ၌ ကျင်းပသော ဝန်ထမ်းများ ကွန်ပျူတာစွမ်းရည် မြင့်မားရေး သင်တန်းဖွင့်ကို နံနက် ၁၀ နာရီတွင်ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် မိတ်ဆက်တွေ့ဆုံကာ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်း တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရာတွင် လိုအပ်သည့် အတတ်ပညာများကို စဉ်ဆက်မပြတ် သင်ယူလေ့လာဖို့လိုကြောင်း၊ ယခုသင်ကြား ပေးနေသည့် သင်တန်းများသည် မိမိတို့ လုပ်ငန်းတွင်သာမက လုပ်ငန်းပြင်ပတွင်ပါ အသုံးချနိုင်သည့်အတွက် ကြိုးစားသင်ယူကြစေလိုကြောင်း၊ ယခုလိုကာလတွင် ဝန်ထမ်းများအတွက် ကြိုးစားသင်ယူခွင့်ရအောင် သင်ကြား ပေးသည့် သက်ဆိုင်ရာဌာနအသီးသီးမှ ဆရာ၊ ဆရာမများကို ကျေးဇူးတင်ပါကြောင်း တိုက်တွန်းအားပေး ပြောကြားသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပသည့် ဝန်ထမ်းများ အင်္ဂလိပ် စာစွမ်းရည်မြင့်မားရေး သင်တန်းဆင်းပွဲသို့ တက်ရောက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဝန်ထမ်းများအား အားပေးအမှာစကား ပြောကြားပြီး သင်တန်းနည်းပြ ဆရာမ(၃)ဦးတို့အတွက် ပြည်နယ် ကောင်စီအဖွဲ့ဝင် ဦးတိန့်ဆောင်၊ ပြည်နယ်ရဲမှူးကြီး ဉာဏ်မြင့်ကျော်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်နယ်အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းရဲထွန်း တို့က ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် အင်္ဂလိပ်စာစွမ်းရည်မြင့်မားရေး သင်တန်းစာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရသည့် ဝန်ထမ်းများအား ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကေျာ်လင်းအောင်၊ ဦးမျိုးဆွေတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)