ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြီး ဆေးရုံကြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား ဧပြီ ၁

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ ၁၂ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပရာ ပြည်နယ် စီမံအုပ်ချုပ်‌ရေး ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားသည်။

ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်များအတွင်း နယ်မြေကျော်လွန် ခရီးထွက်ခွာမည်ဆိုပါက သတင်းပို့ သွားကြရေး၊ မိမိတို့ရုံးလုံခြုံရေးကို တာဝန်ချထားပြီး အထူးဂရုစိုက်ကြရေး၊ သင်္ကြန်ကာလအပြီးတွင် စိတ်သစ် လူသစ်ဖြင့် လုပ်ငန်းများကို အားအင်အပြည့်ဖြင့် ပြန်လည်ဆောင်ရွက်ကြရေး၊ ရုံး၊ ဝန်ထမ်းအိမ်ရာ ဂရန်နှင့် မြေနေရာမရရှိသေးသည့် ရုံး၊ ဌာနများ၏ စာရင်းပြုစု၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်လျှောက်ထား တင်ပြရေး၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများကို သတ်မှတ်ချိန်အတိုင်း ပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်ကြရေးနှင့် နိုင်ငံတော် ဘဏ္ဍာငွေ သုံးစွဲရာတွင် ဥပဒေလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဂရုပြုဆောင်ရွက်ကြရေးနှင့် အခြေခံပညာ ကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် ပြည်သူများ၏ ကျန်းမာရေးအတွက် ဆေးရုံများ ဖွင့်လှစ်နိုင်ရေးကို အထူးကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိတို့ကောင်စီအနေဖြင့် တာဝန်ယူစဉ်ကာလအတွင်း ပြည်သူအကျိုးပြု လုပ်ငန်းများကို မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့နှင့်အတူ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက လုံခြုံ‌ရေးဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် ကိစ္စရပ်များ၊ ဘဏ္ဍာငွေထုတ်ယူခွင့်ပြုခြင်း နှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ၊ ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်း မှာကြားခဲ့ပြီး တက်ရောက် လာကြသည့် ဌာနဆိုင်ရာများက ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ဌာနအလိုက် လုံခြုံရေးဆိုင်ရာ တာဝန်ချထားမှု အခြေအနေတို့ကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ အတွက် ဂုဏ်ပြု ချီးမြှင့်ငွေများ ထောက်ပံ့ ပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ထို့မှတစ်ဆင့် ညနေပိုင်းတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ ဆေးရုံအုပ်ကြီး၊ အထူးကု ဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများနှင့်တွေ့ဆုံပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌက မိမိတို့အနေဖြင့် စိတ်ခံစားမှုအရ CDM လုပ်ဆောင်နေကြသည့် ဝန်ထမ်းများကို နားလည်ပေးနိုင်သော်လည်း ပြည်သူများ၏ ကျန်းမာရေးကို လစ်လျူရှုထား၍ မရနိုင်ပါကြောင်း၊ ပြည်သူများ၏ ကျန်းမာရေးအတွက် ဆေးဝါးကုသမှု ခံယူနိုင်ရေးသည် အရေးကြီးဆုံး ဖြစ်သောကြောင့် ယခုလို ဆေးရုံကြီးတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်၍ ကုသပေးနေကြသည့် ဆရာဝန်၊ ဆရာမများ အားလေးစားဂုဏ်ယူပါကြောင်း၊ လိုအပ်သည်များ ကိုလည်း ကူညီဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း အားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေတို့က ဆေးရုံကြီးအတွက် ပံပိုးထောက်ပံ့ငွေကျပ် ၅၃၀၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဆေးရုံကြီး တာဝန်ကျဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြသည်။

ပြည်နယ် (ပြန်/ဆက်)