ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများတွင် ဒေသဆိုင်ရာဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းညှိနှိုင်းဆွေးနွေး၊ ဆိုလာမီးအိမ်များ ထောက်ပံ့ပေးအပ်

ပျဉ်းမနား  ဧပြီ   ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ပေါ်ကျေးရွာများတွင်နေထိုင်သည့် ဒေသခံပြည်သူများအား နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိ သူများသည် ယမန်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများနှင့် တွေဆုံကာ ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းညှိနှိုင်း ဆွေးနွေးပြီး ဆိုလာပြားပါ ဆိုလာမီးအိမ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တောင်ပေါ်ကျေးရွာများဖြစ်သည့် ဆိတ်ဖူးတောင်၊ အောင် ဘိတ်သိတ်၊ ဘို့မသံတောင်၊ ပြဒါးချောင်း၊ မြလင်း၊ မြသာ၊ မရမ်းတောင်(အထက်)၊ မရမ်းတောင်(အောက်)နှင့် ဖလောင်းကျေးရွာများရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ တာဝန်ယူ သည့်အချိန်မှစ၍ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရာဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး နောက်ထပ် မိမိတို့ ကျေးရွာမှာ လိုအပ်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း တင်ပြပေးစေလိုကြောင်း ပြောကြားပြီး နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်း၊ ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦး၊ ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ဝေဖြိုး၊ အဖွဲ့ဝင် ဗိုလ်မှူးဝေဖြိုးနိုင်နှင့် တာဝန်ရှိသူများက နေပြည်တော်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့သည့် ဆိုလာပြားပါ ဆိုလာမီးအိမ်(၂၄၁)လုံးအား ဒေသခံပြည်သူများထံသို့ ထောက်ပံ့ပေး အပ်သည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများက မိမိတို့ ကျေးရွာတွင် လိုအပ်လျက်ရှိသည့် ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)