မြောက်ဦး ဧပြီ ၁၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အထင်ကရရှေးဟောင်းသမိုင်းဝင်ဘုရား၊ ပုထိုးစေတီများတွင် ယနေ့နံနက်ပိုင်း နှစ်သစ်ကူးအတာသင်္ကြန်အကြိုနေ့၌ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေစသော အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရ သည်။
အဆိုပါ မြောက်ဦးရှေးဟောင်းယာဉ်ကျေးမှုဒေသသို့ ဘုရားဖူးလာရောက်ကြသော အနယ် နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများအနေဖြင့် အထင်ကရရှေးဟောင်းသမိုင်းဝင် ဘုရားပုထိုး စေတီများဖြစ်သော သျှစ်သောင်းပုထိုးတော်ကြီး အတွင်းရှိကျောက်နံရံများတွင် ကျောက်ဖြင့် ထုဆစ်ပုံဖော်ထားသော ငါးရာငါးဆယ်ဇာတ်တော်များ၊ ထုက္ကန့်သိမ် ပုထိုးကြီးအတွင်းရှိ ဘောင်းတော်ဝတ်စားဆင်ယင်မှုနှင့်ဆံထုံးတော်ထုံးဖွဲ့ပုံအဆင့်ဆင့် ကျောက်ဆစ်လက်ရာများကို ကြည့်ရှုလေ့လာကြပြီး ကိုးသောင်းပုထိုးတော်ကြီး၊ မာရ်ငါးပါးဖြစ်သော ရတနာ့မာရ်အောင်၊ သက္ကျမာရ်၊ ဇိနမာရ်အောင်၊ လောကမာရ်အောင်နှင့်မင်္ဂလာ့မာရ်အောင်ဘုရား စေတီများသို့ အငှားမော်တော်ယာဉ်များဖြင့် သွားရောက်ဖူးမျှော်ကြကာ ဘုရားဖူးလာရောက်ကြသော ရဟန်းရှင်လူပြည်သူများမှ ပန်း၊ ရေချမ်း အမွေးနံသာများထွန်းညှိပူဇော်ကြသည်။
ဆက်လက်၍ ရှေးဟောင်းသမိုင်းဝင်နေရာများဖြစ်သည့် လက်ဆည်ကန်၊ ဘုရားပေါ်ဘုရားနှင့် နန်းတော်ရာကုန်စသောနေရာများသို့ သွားရောက်ပြီး အလှဓာတ်ပုံများ ရိုက်ကူးခြင်း၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူကြသူများဖြင့်စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)