စစ်တွေ ဧပြီ ၁၃
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသော ရခိုင်ရိုးရာနံ့သာသွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ နံ့သာသွေးပွဲကို ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃) ဦးသန်းထွန်း၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့မှ သမီးပျိုများက နံ့သာသွေးရန်နေရာယူကြပြီး နံ့သာစတင်သွေးကြရာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက နံ့သာသွေးနေမှုအား လှည့်လည်ကြည့်ရှု အားပေးကြသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး တို့က ပြည်နယ်ယဉ်ကျေးမှုအဖွဲ့မှ နံ့သာသွေးကြသော သမီးပျိုများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။ အခမ်းအနားအပြီးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ရရှိလာသော နံ့သာရေများဖြင့် ရခိုင်ရိုးရာစဉ်လာမပျက် စစ်တွေမြို့၊ အတုလမာဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးသို့ သွားရောက်ကာ ဗုဒ္ဓဆင်းထုတော်များအား အမွှေးနံ့သာရေများဖြင့် ဘုရားရေသပ္ပာယ် ပူဇော်ခဲ့ကြကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)