ကျောက်မဲ ဧပြီ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ အကြိမ်)ကို မတ်လ ၁၁ ရက်မှ စ၍ ယနေ့အထိ ထိုးနှံပေးမည်ဖြစ်ပြီး ဧပြီ ၁၃ ရက်နေ့မှစ၍ ဧပြီ ၁၉ ရက်နေ့အထိ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခေတ္တရပ်နား ထားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်ရှိ လူဦးရေ ၈၃၃၀ ဦးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ကို ထိုးနှံပေးရန်လျာထားခဲ့ကာ ဧပြီ ၁၁ ရက်နေ့အထိစာရင်းအရ ဝန်ထမ်းအပါအဝင် လူဦးရေစုစုပေါင်း ၃၅၉၅ ဦး အား ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပြီးသူများထဲမှ သတ်မှတ်ရက် ပြည့်ပြီးသူများအား ကာကွယ်ဆေး(ဒုတိယအကြိမ်)ကိုလည်း ဧပြီ ၈ ရက်နေ့ကစပြီး တစ်ဆက်တည်း ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ကျန်ရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဧပြီ ၂၀ ရက်နေ့မှစ၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၂ ကြိမ်လုံး ထိုးပြီးသူများအား ကာကွယ်ဆေးထိုးနှံပြီးအသိအမှတ်ပြု လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်ရရှိသူများအနေဖြင့် ပြည်တွင်း/ပြည်ပများသို့ ခရီးသွားရာတွင် Quarantine ဝင်ရောက်ရန် မလိုတော့သည့် အကျိုးကျေးဇူးကို ရရှိမည်ဖြစ်ကြောင်း ကျောက်မဲခရိုင် ပြည်သူဆေးရုံအုပ် ဒေါက်တာကျော်မိုးထွန်း၏ ပြောပြချက် အရသိရသည်။
မိုင်းထွန်း