ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးစေတီပုထိုးများတွင် ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်

ရန်ကုန် ဧပြီ ၁၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးစေတီပုထိုးများဖြစ်ကြသော ရွှေတိဂုံ စေတီတော်မြတ်ကြီး၊ ရန်ကင်းမြို့နယ်ရှိ မိုးကောင်း စေတီတော်မြတ်ကြီး၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ  ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး၊ သင်္ကန်းကျွန်းမြို့နယ်ရှိ ကျိုက်က္ကဆံ စေတီတော်မြတ်ကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကျိုက်ဒေးယျုံအာနန္ဒာ စေတီတော်မြတ်ကြီးတို့တွင် ယနေ့ နံနက်မှစ၍ အနယ်နယ်အရပ်ရပ်ရှိ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများက ဆွမ်း၊ ပန်း၊ ရေချမ်းနှင့် ဆီမီးကပ်လှူ၍ လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ်လ (၂၃)ရက်နေ့မှစပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာခဲ့တာကြောင့် နိုင်ငံ့တဝှမ်းလုံးရှိ ဘုရားစေတီပုထိုးများအား ခေတ္တယာယီ ပိတ်ထားခဲ့ရပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အလယ်ပိုင်းမှစ၍ ဗိုလ်တထောင် ကျိုက်ဒေးအပ်စေတီတော်မြတ်ကြီးအပါအဝင် ဘုရားစေတီအချို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် လမ်းညွှန်ချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ခဲ့သည်။

ဘုရားဖူးလာပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဘုရားလုံခြုံရေးအဖွဲ့များမှ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေးဘေစင်များထားရှိပေးခြင်းတို့ကို ပြုလုပ်ပေးထားကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

ခရိုင် (ပြန်/ဆက်)