ကျောက်ဆည်မြို့နယ်တွင် နွေနှမ်းနှင့် နွေပဲတီစိမ်းသီးနှံများ လျာထားဧကထက် ပိုမိုစိုက်ပျိုး

ကျောက်ဆည် ဧပြီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နွေနှမ်းနှင့်နွေပဲတီစိမ်းသီးနှံများ လျာထားဧကထက် ပိုမိုစိုက်ပျိုးမှုများရှိကြောင်း၊ လျာထားစိုက်ပျိုးဧကတွင် မပါဝင်ဘဲ ကိုယ်ပိုင်မြေအောက်ရေတွင်း တူးထားပြီး မြေအောက်ရေဖြင့် မိမိဆန္ဒအရ ပဲတီစိမ်းစိုက်သည့် ရွာသာအေးကျေးရွာမှ တောင်သူ ဦးမြင့်ရီ ပြောပြ၍ သိရှိရသည်။

ပဲတီစိမ်းသီးနှံသည် ဘောင်များပြုလုပ်ကာ စိုက်ပျိုးပါက  ထွက်နှုန်းကောင်းပြီး ခူးဆွတ်သည့် အခါတွင်လည်း (၃)ရက်ခြားခူး၍ နေတစ်ရက်နေလှန်းကာ အစေ့ထုတ်ရောင်းလို့ရသည့်အတွက် ပဲတီစိမ်းစိုက်သည့်တောင်သူများအဖို့ ဈေးသုံးလွယ်ကူသည့် သီးနှံတစ်မျိုးဖြစ်သောကြောင့် မြစ်ဘေး၊ ချောင်းဘေးနှင့် မြေအောက်ရေတွင်းရှိသူများအနေဖြင့် လျာထားစိုက်ဧကများတွင် မပါသော်လည်း မိမိတို့ဆန္ဒအရ စိုက်ပျိုးကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်၌ စိုက်ပျိုးရေပေးဝေသော ဆည်များအတွင်းသို့ မိုးရွာသွန်းမှုနည်း၍ ရေဝင်ရောင်မှု နည်းပါးသောကြောင့် ယခုနှစ်တွင် နွေးနှမ်းစိုက်ဧက(၂၆၉၁၄)ဧကနှင့် ပဲတီစိမ်းစိုက်ဧက (၁၀၉)ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး ရေပေးဝေခဲ့ကြောင်းနှင့် ယခင်နှစ်က နွေသီးနှံစိုက်ပျိုးရန်အတွက် နွားတက်မြောင်းမှ (၁၅၁၆၅)ဧက၊ ငပြောင်မြောင်းမှ(၃၁၂၂)ဧက၊ အထက်လင်းဇင်းမြောင်းမှ(၆၅၉)ဧက၊ သင်းတွဲမြောင်းမှ(၆၄၈၃)ဧက၊ မင်းရဲမြောင်းမှ(၂၂၁၃)ဧက၊ တမုတ်မြောင်းမှ(၄၄၁၆)ဧက စုစုပေါင်း (၃၂၀၅၈)ဧက စိုက်ပျိုးရေပေးဝေနိုင်ခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)