ကျောက်ဆည်မြို့နယ်တွင် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ခြင်း များအား ကွင်းဆင်းစစ်ဆေး

ကျောက်ဆည် ဧပြီ ၁၀ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများအား မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအဖြစ် ကျေးရွာတစ်ရွာလျှင် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၀၀)နှင့်ပြည်သူလူထု၏ ပူးပေါင်းထည့်ဝင်ငွေများနှင့် ကျေးရွာ(၁၅)ရွာတွင် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက်(၉)နာရီက အဆိုပါစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းများအား စံချိန်စံညွှန်းနှင့်ပြည့်မီစေရေး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး တိုင်းတာမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရာခိုင်နှုန်း(၁၀၀)ပြီးစီးနေသည့် အရှည်ပေ(၁၀၀၀)၊ အကျယ်(၁၄)ပေ၊ ထု(၆)လက်မ နှင့် အရှည်ပေ(၂၀၀၀)၊ အကျယ်(၁၀)ပေ၊ ထု(၆)လက်မရှိ တောင်တော်ကျေးရွာမှ ကွန်ကရစ် လမ်း(၂)လမ်းကိုလည်းကောင်း၊ အရှည်ပေ(၁၃၀၀)၊ အကျယ်(၁၄)ပေ၊ ထု(၆)လက်မရှိ ခတက်ကုန်း ကျေးရွာမှ ကွန်ကရစ်လမ်းကိုလည်းကောင်း၊ အရှည်ပေ(၁၁၅၀)၊ အကျယ်(၁၄)ပေ၊ ထု(၆)လက်မရှိ မြို့သာကျေးရွာမှ ကွန်းကရစ်လမ်းများနှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကိုးပင်ကျေးရွာနှင့် ညွှန့်ပင်ကျေးရွာများမှ လမ်းခင်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှ ခွင့်ပြုငွေ ကျပ်သိန်း(၁၀၀)နှင့် ပြည်သူထည့်ဝင်ငွေ ပစ္စည်း၊ လုပ်အားများဖြင့် ပူးပေါင်းကာ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းအဖြစ် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် ဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ပတ္တာ၊ ကျီးအိပ်၊ ငှက္ကတောင်၊ အနောက်ရွာနန်း၊ တောင်နောက်၊ တံတားဦးကုန်း၊ သမန်းသာ၊ တံတားဦးလေး၊ တောင်တော်၊ မြောင်းဘောင်၊ ညွန့်ပင်၊ မန်ကျည်းတော၊ မြို့သာ၊ ကိုးပင်၊ ခတက်ကုန်း ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ သက်မောင်(ကျောက်ဆည်)