တာလေ ဧပြီ ၉
တာလေမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပထမနေ့အဖြစ် ယနေ့ နံနက်ပိုင်းက စတင်ထိုးနှံ ပေးလျက်ရှိပြီး အသက် ၆၅ နှစ်အထက်ရှိ သက်ကြီးဘိုးဘွားများအပြင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား မိဘပြည်သူများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ တာလေဘုန်းတော်ကြီးကျောင်းရှိ ခန်းမဆောင်အတွင်း ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တာလေမြို့ရှိ အသက် ၆၅ နှစ်အထက်ရှိ သက်ကြီးဘိုးဘွားများအပြင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားမိဘပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ မရှိစေရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ဆေးများကို တာလေမြို့ရှိ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးကြခြင်းဖြစ်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များက အနီးကပ်ကြီးကြပ်၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။
“တာလေမြို့အတွင်းရှိ အသက် ၆၅ နှစ်အထက်ရှိ သက်ကြီးဘိုးဘွားများအပြင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသား မိဘပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး COVISHIELD ထိုးနှံရန် ဒုတိယအကြိမ်အဖြစ် လူဦးရေ(၅၉၇)ဦး ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးကာလကို ဧပြီ ၉ ရက်မှ ၁၁ ရက်အတွင်း ထိုးနှံပေးသွားဖို့ လျာထားပါတယ်။ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ပထမနေ့အဖြစ် ဧပြီ ၉ ရက်တွင် ကာကွယ်ဆေးထိုးပြီးသူ (၁၃၀) ဦးရှိပြီး ကျန်ရှိနေသူများကို သတ်မှတ်ရက်အတွင်း ပြီးစီးနိုင်ရန် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း” သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)