မိုင်းဆတ် ဧပြီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီက မြို့နယ် ပြည်သူ့ ဆေးရုံတွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးရွှေထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလှိုင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ပြီး ကာကွယ်ဆေးထိုးနှံပေးသည့်အဖွဲ့က ဆေးမထိုးမီ တစ်ဦးချင်း သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး၍ ကာကွယ်ဆေးထိုးနှံပြီးသူများအား အန္တရာယ်တစ်စုံတစ်ရာ ရှိ၊ မရှိ သိရှိနိုင်ရန် မိနစ်(၃၀)စောင့်ကြည့်ပြီးမှသာ ပြန်လည်ထွက်ခွာခွင့် ပြုခဲ့ပြီး ဆေးထိုးပြီး(၂၄)နာရီအတွင်း ထူးခြားမှုတစ်စုံတစ်ရာရှိပါက ချက်ချင်းသတင်းပို့ အကြောင်းကြားရန် မှာကြားခဲ့သည်။
မိုင်းဆတ်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း(၃၈၅၀)ဦးရှိပြီး ပထမနေ့အဖြစ် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူ(၅၀၀)ဦးအား ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ပြီး ကျန်ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး ပထမအကြိမ်ထိုးနှံပြီးသူများအား ရက်သတ္တပတ်(၄)ပတ်ခြားပြီး ဒုတိယအကြိမ်မြောက် ထပ်မံထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)