တောင်ကြီး ဧပြီ ၈
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်မှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)ကို ယနေ့ နံနက် (၁၀) နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်မှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက ရှမ်းပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူဖြစ်ဖို့အတွက် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုစီးဝင်လုပ်ကိုင်လာကြဖို့ ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခင် ကော်မတီလက်ထက်မှာ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေတဲ့မပြီးပြတ်သေးတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုလည်း မြန်မြန်ဆန်ဆန် ခွင့်ပြုပေးနိုင်ရန်လည်း ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ဖြစ်ကြောင်း၊ ကော်မတီအတွင်းရေးမှူးကလည်း ဒီနေ့အစည်းအဝေးမှာ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနဲ့ ယခင်ဆောင်ရွက်ပြီးစီးခဲ့မှုများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ဖို့ စီမံထားတဲ့ကိစ္စများကို ရှင်းလင်းတင်ပြမှာဖြစ်တဲ့အတွက် ကော်မတီဝင်များမှ မရှင်းလင်းတာတွေ ဖြည့်စွက်ဆွေးနွေးသွားကြဖို့ တိုက်တွန်းလိုပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာများနဲ့ ထုတ်ပြန်ထားတဲ့ ဦးစားပေးကဏ္ဍပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကိုဗစ်-၁၉ကာလ ဦးစားပေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်မှုမြှင့်တင်ရေးစီမံကိန်းပါ ဦးစားပေးကဏ္ဍများနဲ့ ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူတဲ့ကာလမှာ ကာလတိုအတွင်း အကျိုးရရှိမဲ့ Quick win လုပ်ငန်းများကိုလည်း ရှာဖွေဖော်ထုတ်ပြီး မြန်မြန်ဆန်ဆန် ခွင့်ပြုပေးသွားဖို့ ကော်မတီဝင်များမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးကြဖို့ကိုလည်း တိုက်တွန်းလိုပါကြောင်း၊ ဒါ့အပြင် After care Service ဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုအလွန် ကွင်းဆင်း ဝန်ဆောင်မှုပေးခြင်းကိုလည်း အလေးထားဆောင်ရွက်ပေးရန် လိုအပ်မှာ ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေးအဖွဲ့ကိုလည်း ပြင်ဆင်ဖွဲ့စည်းပြီး တာဝန်ပေးအပ်သွားရန်ဖြစ်ကြောင်း၊ လုပ်ငန်းများကိုလည်း သတ်မှတ်ချိန်အမီ ပြီးစီးရေး မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးကြဖို့ အထူးမှာကြားလိုကြောင်း၊ ပြည်နယ်အတွင်းမှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ လုပ်ကိုင်နိုင်ရေးနဲ့ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံအမှုအသစ်များ ပိုမိုစီးဝင်လာစေရေးအတွက် မိမိတို့ တာဝန်ရှိတဲ့အတိုင်း ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ လေးလေးနက်နက် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်မှုကော်မတီ အတွင်းရေးမှူး ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလေးနိုင်မှ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ယခင်ဆောင်ရွက်ပြီးစီးခဲ့မှုများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်ဖို့ စီမံထားတဲ့ကိစ္စများကို ရှင်းလင်းတင်ပြခြင်းနှင့် အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) တင်ပြချက်များ ဆွေးနွေးဆုံးဖြတ်ကြပြီး တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြကာ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်မှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်အမှာစာကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)