တောင်ကြီး ဧပြီ ၈
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၁၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယနေ့ကျင်းပသည့် အခမ်းအနားတွင် ဝန်ထမ်းအားလုံးပေါင်း(၃၂၈)ဦးကို ထောက်ပံ့ငွေပေးအပ်သွားမည်ဖြစ်ကြောင်း၊ သင်္ကြန်ကာလနှစ်သစ်တွင် ဝန်ထမ်းများနှင့်မိသားစုများ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ယနေ့ တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများလည်း ပုံမှန်ရုံးတက်ပေးကြရန်နှင့် အခမ်းအနားတွင် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အဖွဲ့ဝင်များနှင့် တက်ရောက်ပေးကြသည့် ဝန်ထမ်းများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များ ဖြစ်သော ဗိုလ်မှူးကြီးလှဦး၊ ဦးခွန်သိန်းမောင်၊ ဦးစိုင်းလိတ်၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး ပြည်နယ်ဦးစီးမှူး ဦးအောင်မြင့်၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးနေလင်းတို့မှ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ပေးအပ်မှုတွင် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း(၁၆၂)ဦး၊ ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း(၇၈)ဦး၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း(၁၉)ဦး၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ(၃၈)ဦး ကိုယ်ရေးအရာရှိနှင့် ယာဉ်မောင်းများ(၁၈)ဦး၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် တာဝန်ထမ်းဆောင်သော တွဲဖက်ဝန်ထမ်း(၁၃)ဦး၊ စုစုပေါင်း (၃၂၈)ဦးအား တစ်ဦးလျှင် ကျပ် (၁)သိန်းနှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)