ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုဖြစ်ပွား

ဒဂုံမြောက် ဧပြီ ၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊(၄၅)ရပ်ကွက်၊ ဗိုလ်ချိုလမ်းနှင့် ကြေးရေလမ်း၊ အမှတ်(၅၇၉-၅၈၁)ရှိ အကျယ်(၄၀ -၂၀)ပေ၊ RC တစ်ထပ်၊   ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးအား ယမန်နေ့ ည (၈) နာရီ (၂၀) မိနစ်အချိန်ခန့်တွင် မီးလောင်နေကြောင်း ဖုန်းဖြင့်သတင်းပေးပို့မှုကြောင့် (၈) နာရီ (၂၄) မိနစ် အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် မီးသတ်ဦးစီးမှူး ဦးတင်ထွန်းအောင်၊ မီးသတ်တပ်ဖွဲ့ဝင်(၇)ဦးတို့မှ  ရေသယ်ယာဉ် တစ်စီးဖြင့်   မီးငြိမ်းသတ်ခဲ့ရာ (၈) နာရီ (၃၇) မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး (၈) နာရီ (၃၈) မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အမည်မသိလူတစ်ဦးမှ ဓာတ်ဆီပုလင်းဖြင့် ဝင်ရောက်ပစ်ခတ်မီးရှို့မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့် (၄၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ သစ်သားစားပွဲ(၂)လုံး၊ ဘီဒိုတစ်လုံး၊ သစ်သားခေါက် ခုတင်တစ်ခု၊ စာရွက်စာတမ်းများ၊ အမိုး၊  ဝါယာကြိုး အနည်းငယ် မီးလောင်ခံရပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ် ၁၂၀၀၀၀ ခန့်ရှိကြောင်း မြို့နယ်မီးသတ် ဦးစီး ဌာနမှသိရသည်။ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မီးပုလင်းဖြင့် ပစ်ပေါက်သူအား စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)