ဒဂုံမြောက် ဧပြီ ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊(၃၀)ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းရှိ အကျယ်(၂၀ -၁၅)ပေ၊ RC တစ်ထပ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဧပြီ ၇ ရက်နေ့ နံနက် (၆) နာရီ (၄) မိနစ်အချိန်ခန့်တွင် မီးလောင်နေကြောင်း သတင်းပေးပို့မှုကြောင့် (၆) နာရီ (၅) မိနစ် အချိန်တွင် အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိသေနတ်ပစ် ကွင်းတွင် တာဝန်ကျနေသော မီးသတ်ဦးစီးမှူး ဦးအောင်လင်းဦး ဦးဆောင်၍ ရေသယ်ယာဉ် တစ်စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ခဲ့ရာ (၆) နာရီ (၁၅) မိနစ် အချိန်တွင် မီးထိန်း နိုင်ခဲ့ပြီး (၆) နာရီ (၁၉) မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အမည်မသိလူတစ်ဦးမှ ဓာတ်ဆီ ပုလင်း ဖြင့် ဝင်ရောက်ပစ်ခတ်မီးရှို့မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့် (၃၀) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ပင်မတံခါးမကြီး၊ တံခါးကျဉ်းဘောင်၊ စာရွက်စာတမ်း အနည်းငယ်နှင့် ပလပ်စတစ်ထိုင်ခုံ (၁၅) လုံး၊ သစ်သားစားပွဲ တစ်လုံး၊ သစ်သားထိုင်ခုံတစ်လုံး၊ ဝါယာကြိုး အနည်းငယ်မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၅၀၀၀၀ ခန့်ရှိကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှသိရသည်။ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မီးပုလင်းဖြင့် ပစ်ပေါက်သူအား စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)