စစ်တွေ မတ် ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲသို့ ကြွရောက်ပြီး အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ခံယူကြသည့် ဆရာတော်ကြီးနှစ်ပါးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်မှ စစ်တွေမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ကြွရောက်တော်မူကြပြီး မြို့တွင်း လှည့်လည်အပူဇော်ခံကြသည်။
ရှေးဦးစွာ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးနှစ်ပါးဖြစ်ကြသော မြောက်ဦးမြို့၊ အောင်မင်္ဂလာ ဆရာတော် (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်) ဒေါက်တာ ဘဒ္ဒန္တပညာသာမိနှင့် စစ်တွေမြို့မဏိရတနာဆရာတော် (နိုင်ငံတော်သံဃမဟာနာယက-ငြိမ်း) ဘဒ္ဒန္တသောမ ဆရာတော်ကြီးတို့အား ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ ဒေါက်တာအောင်ကျော်မင်းနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက စစ်တွေလေဆိပ် ခရီးဦးကြိုဆို ဖူးမြော်ကြပြီး မြို့တွင်းလှည့်လည် အပူဇော်ခံမည့် မော်တော်ယာဉ်များသို့ပင့် ဆောင်ကြသည်။ ထို့နောက် အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးနှစ်ပါးအား စစ်တွေလေဆိပ်မှ မေယုလမ်း၊ မေယုလမ်းမှ လမ်းမကြီး၊ လမ်းမကြီးမှ သင်္ဘောဆိပ်လမ်း၊ သင်္ဘောဆိပ်လမ်းမှ စက်ရုံလမ်း၊ စက်ရုံလမ်းမှ သီတင်းသုံးရာ ကျောင်းတိုက် အသီးသီးသို့ အပူဇော်ခံပင့်ဆောင်ခဲ့ကြသည်။
ဆရာတော်ကြီးများ ကြွရောက်တော်မူရာ လမ်းတစ်လျှောက်တွင် ဆရာတော်ဘုရားကြီးများ၏ သီလဂုဏ် သမာဓိဂုဏ်၊ ပညာဂုဏ်ကိုကြည်ညို သောအားဖြင့် တကာ၊ တကာမများက လမ်းဘေးဝဲယာတစ်ဘက်တစ်ချက်မှ ကုသိုလ်ပွားကာ ပူဇော်ကြကြောင်း သိရသည်။ တင်ထွန်း(ပြန်/ဆက်)