ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ တိန်ညိုကျေးရွာတိုက်ပွဲရှောင်စခန်းရှိ မီးဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေနှင့်တစ်ပတ်စာ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

မြောက်ဦး မတ် ၂၆ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာ၌ မတ်လ ၁၇ ရက်နေ့ ညနေပိုင်းက ပေါ့ဆမီးကြောင့် တိုက်ပွဲရှောင်စခန်းရှိ အဆောက်အဦ (၆၆၃)လုံး မီးလောင်ကျွမ်းခဲ့ရာ စခန်းအတွင်းရှိ မီးဘေးသင့်အိမ်ထောင်စု ၆၆၃ စုမှ လူဦးရေ ၂၅၆၅ ဦးအတွက် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့ငွေနှင့်တစ်ပတ်စာ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းအား ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်းအစည်းအဝေး ခန်းမအတွင်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်က ထောက်ပံ့လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် တိန်ညို တိုက်ပွဲရှောင်စခန်းမှ မီးဘေးသင့်ခံရသော အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု(၆၆၃)စုအတွက် ထောက်ပံ့ငွေ(၁၉၈၉၀၀၀၀)ကျပ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှ တိုက်ပွဲရှောင်စခန်းတာဝန်ခံ ဦးစိုးနိုင်အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ဆန်ရိက္ခာအတွက် ဆန်အိတ် (၁၈၇) အိတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆန်းကျော်မှ ထောက်ပံ့ပေးအပ်ရာ စခန်းတာဝန်ခံနှင့်မီးဘေးသင့်ပြည်သူတစ်ဦးမှ လက်ခံရယူခဲ့ပြီး မီးဘေးသင့်ပြည်သူများကိုယ်စား တိုက်ပွဲရှောင်စခန်းတာဝန်ခံ ဦးစိုးနိုင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း တိုက်ပွဲရှောင် စခန်းများရှိ မီးဘေးသင့်ပြည်သူများ၏ အခြေခံလိုအပ်ချက်များနှင့် သောက်သုံးရေ လိုအပ်ချက်များအား နေ့စဉ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ ခင်မောင်ထွန်း(ပြန်/ဆက်)