ကချင်ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား မတ် ၂၆

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသ ဖွံ့ဖြိုးရေးအတွက် တည်ဆောက်‌ရေး လုပ်ငန်းများ နှင့်ပတ်သက်၍ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှု အခြေအနေ၊ စီးပွားရေး အခွင့်အလမ်းအတွက် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်နယ်သူ၊ ပြည်နယ်သားများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု မြင့်မားလာစေရေး စီမံ‌ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး မိမိတို့ပြည်နယ် ကောင်စီအနေဖြင့် ကြားကာလအတွင်း တာဝန်ယူ ဆောင်ရွက်ရခြင်း ဖြစ်သော်လည်း ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံရေးမငြိမ်မသက်မှုဖြစ်စဉ်များကြောင့် ဌာနဆိုင်ရာများအနေဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ထို့အပြင် တည်ဆောက်ရေး လုပ်ငန်းများကိုလည်း သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ အခက်အခဲ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက မိမိတို့ကောင်စီအဖွဲ့ထံ အချိန်နှင့်တစ်ပြေးညီ တင်ပြသွားရန်လိုကြောင်း၊ မိမိတို့ကောင်စီအဖွဲ့ အနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် တက်ရောက်လာကြည့် ဌာနဆိုင်ရာ အကြီးအကဲများက ဌာနအလိုက် တင်ဒါဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေး လုပ်ငန်းများနှင့် တာဝန်ပေးအပ်ဆောင်ရွက်နေမှု အခြေအနေများ၊ လုံခြုံရေးဆိုင်ရာ အစီအမံများ စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်သည့် ကိစ္စရပ်များကို တင်ပြကြရာ ပြည်နယ်ကောင်စီအဖွဲ့ဝင်များက လိုအပ်ချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ် ကောင်စီဥက္ကဋ္ဌက ဌာနဆိုင်ရာများအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် တည်ဆောက်ရေး လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးလိုအပ်သည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်း ဆောင်ရွက် ပေးခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)