သံတွဲမြို့နယ်၌ နွေရာသီရေရှားပါးမှု ကင်းဝေးစေရေး ရေပေးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်

သံတွဲ မတ် ၂၆ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သံတွဲမြို့နယ်သံတွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း ရေရှားပါးသောကျေးရွာများ သောက်သုံးရေလုံလောက်မှု ရရှိစေရေး၊ နွေရာသီရေရှားပါးမှုကင်းဝေးစေရေးအတွက် ရေပေးရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် သံတွဲမြို့နယ် ကျားကိုက် ရေလှောင်တမံနှင့် ရေဖြူအိုင်ဆည်တို့မှ အိမ်တိုင်ရာရောက် ရေသွယ်ခြင်းလုပ်ငန်းကို ကျေးရွာသုံးရွာ၌ လည်းကောင်း၊ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းကို ကျေးရွာနှစ်ရွာ၌ လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အပြင် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းကို ကျေးရွာ လေးရွာ၌ လည်းကောင်း၊ လက်တူးတွင်းတူးဖော်ခြင်း လုပ်ငန်းကို ကျေးရွာသုံးရွာ၌ လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါလုပ်ငန်းများကို စုစုပေါင်းရန်ပုံငွေကျပ်သန်း ၄၅၀ ဒသမ ၄၃၃ ဖြင့် ဇီးကျွန်းသား ကုမ္ပဏီ၊ Ramma Hein ကုမ္ပဏီနှင့် Super High ကုမ္ပဏီတို့မှ လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ၎င်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာကျေးရွာများအနေဖြင့် နွေရာသီ ရေရှားပါးမှုမှ ကင်းဝေးကာ သောက်သုံးရေဖူလုံစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ တင်ထွန်း(ပြန်/ဆက်)