မြောက်ဦး မတ် ၂၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စတင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး စတင် ထိုးနှံပေးမှု အခြေအနေများအား နယ်မြေခံတပ်ရင်းမှ တပ်မမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် ဦးဆောင်သော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သွားရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်းအား ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် စုရပ်အဖြစ် စတင်ထိုးနှံရာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်မောင်သန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက် ထိုးနှံကြသည့် မြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော် (၆၃) ပါးတို့အား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများအား ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ပုံမှန်အနေအထားရောက်မှသာ စနစ်တကျ ကာကွယ်ဆေး စတင်ထိုးနှံပေးကြောင်း သိရှိရသည်။
ခင်မောင်ထွန်း (ပြန်/ဆက်)