စဉ့်ကိုင် မတ်လ ၂၆
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင် မြို့နယ်အတွင်းရှိ အသက်(၅၉)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပထမအကြိမ် ကိုဗစ် - ၁၉ ကာကွယ်ဆေးကို စဉ့်ကိုင် မြို့နယ်တွင် အသက်(၅၉)နှစ် အထက် ပြည်သူများအား ပထမအကြိမ် စတင်ထိုးနှံပေးခြင်း ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ အတိုင်း တစ်ကြိမ်လျှင် (၂၀)ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးလွင်မှ ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်း၊ ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဝင်းစိုးတို့က ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများကို ရက်သတ္တတစ်ပတ် (၄)ပတ်ခြား၍ ဒုတိယအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို စဉ့်ကိုင် မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များ၊ ဘုန်းတော်ကြီးများ၊ ဘာသာရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအတွင်းရှိ အသက်(၅၉)နှစ်အထက် ပြည်သူများ စုစုပေါင်း (နှစ်သောင်း) ကျော်အား ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးအဆင့်(၁) ဒေါ်ယဉ်နွယ်မြင့်ထံမှ သိရသည်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေး၀န်ထမ်းများက ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်းတို့ကို စစ်ဆေးပြီးမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ အသက်(၁၈)နှစ်အောက်နှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် စမ်းသပ်ထားခြင်း မရှိသောကြောင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများသာ ထိုးနှံခွင့်ရရှိမည်ဖြစ်ရာ ကိုယ်ဝန်လွယ်ထားသူများအား ကာကွယ်ဆေး ထိုးနှံပေးမည်မဟုတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။
ဝင်းဝင်းသန်း (စဉ့်ကိုင်)