ဥတ္တရသီရိ မတ် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းကို ယနေ့ နံနက် ၈ နာရီက ဥတ္တရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအတွင်းရှိ ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်တပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် လူနာဆန်းစစ်ခြင်းနှင့် လူနာရွေးချယ်ခြင်းဘာသာရပ်၊ အန္တရာယ်ကင်းစွာ သွားရောက်လုပ်ကိုင်ခြင်းလုပ်ငန်းစဉ်များ၊ ဒဏ်ရာနှင့် သွေးယိုစီးခြင်းနှင့် သွေးယိုထွက်မှုကို ထိန်းချုပ်ခြင်း၊ ပတ်တီးစည်းကုသခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်းများ ရှေးဦးပြုစုခြင်း၊ အရိုးကျိုးခြင်း၊ RICE လုပ်ငန်းစဉ်နှင့် ကျပ်စည်းခြင်း လုပ်ငန်းစဉ်များ၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်းနှင့် စို့နင်ခြင်းကုသနည်းများ၊ အထွေထွေအခြေအနေများကို ရှေးဦးပြုစုခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ အသင်းအဖွဲ့ စိတ်ဓာတ်တည်ဆောက်ခြင်း စသည့်ဘာသာရပ်များအား စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
သင်တန်းကာလမှာ မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိဖြစ်ပြီး ဥတ္တရခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ ၂၃ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျော်စွာဟိန်း