ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စွမ်းရည်မြှင့်သင်တန်းတက်ရောက်နေသော အခြေခံပညာမူလတန်း ကျောင်းအုပ်များအား သွားရောက်အားပေးထောက်ပံ့

မြစ်ကြီးနား မတ် ၂၅ ကချင်ပြည်နယ်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ကောင်စီအဖွဲ့ဝင်များက မြစ်ကြီးနားမြို့၊ အမှတ် (၅)အခြေခံပညာ အထက်တန်းကျောင်း၌ ပြည်နယ်ပညာရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံပညာ မူလတန်းကျောင်းအုပ်များ စွမ်းရည်မြှင့်သင်တန်းသို့ တက်ရောက်သင်ကြားနေသော ကျောင်းအုပ်များ အား ယမန်နေ့နံနက် ၁၁ နာရီခွဲက သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များအား အခြေခံပညာမူလတန်းကျောင်း အုပ်များအား သင်တန်းဖွင့်လှစ်မှု၊ သင်တန်းတက်ရောက်မှုအခြေအနေနှင့်ပတ်သက်၍ ပြည်နယ် ပညာရေးမှူး ဦးကျော်မိုးထွန်းနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌက သင်တန်းတက် ရောက်လာကြသည့် မူလတန်းကျောင်းအုပ်များအား ဆရာ၊ ဆရာမများသည် အနန္တဂိုဏ်းဝင်များပင်ဖြစ်ပါကြောင်း၊ အထူးသဖြင့် မူလတန်းတွင် သင်ကြားသောဆရာ၊ ဆရာမ များသည် မိမိတို့ ကလေးငယ်များ၏ အနာဂတ်အတွက် အဓိကကျသည့် လက်ဦးဆရာ များပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများ အနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေပြီး မိမိတို့၏ သားတပည့်များ၏ အနာဂတ်အတွက် မည်သို့သော အခက်အခဲရှိစေကာမူ ရင်ဆိုင်ကျော်လွှားပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းအား ပေးပြောကြားသည်။ ယင်းနောက် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးတိန့်ဆောင်က ဆရာ၊ ဆရာများအား အားပေးစကား ထပ်မံပြောကြားပြီး ပြည်နယ်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းတက်ရောက်လာကြသည့် မြစ်ကြီးနားမြို့နယ်၊အင်ဂျန်းယန်မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်တို့မှအခြေခံပညာမူလတန်းကျောင်းအုပ် (၇၆)ဦးအပါအဝင် မိုးညှင်း၊ ဗန်းမော်နှင့် ပူတာအိုခရိုင်များအတွင်း မြို့နယ်များအလိုက် ဖွင့်လှစ်လျက်ရှိ သော သင်တန်းများတွင် သင်တန်းတက်ရောက်သူ (၈၅၀)ဦးတို့အတွက် တစ်ဦးလျှင်ငွေကျပ် (၅၀၀၀) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၄၂၅၀၀၀၀ နှင့် စားသောက်ဖွယ်များကို ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။ ပြည်နယ်ပြန်/ဆက်