သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်နိုင်ရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး မတ် ၂၃ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပနိုင်ရေး အတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယနေ့ကျင်းပသည့် အခမ်းအနားသည် မတ်လ (၂၇)ရက် တပေါင်းလပြည့်နေ့တွင် ကျင်းပမည့် နိုင်ငံတော်မှ ဆက်ကပ်သော အဘိဓဇ္ဇ မဟာဂုရုဘွဲ့တံဆိပ်တော်များကို နေပြည်တော်တွင် ဆက်ကပ်မည်ဖြစ်ပြီး လူပုဂ္ဂိုလ်နှင့် အဆင့်မြင့်များအတွက် ဘွဲ့တံဆိပ်တော်များကို နေပြည်တော်တွင် သွားရောက်ယူကြမည် ဖြစ်ကြောင်း၊ ကျန်သည့်သံဃာတော်(၄၂)ပါးကို မြို့တော်ခန်းမတွင် ကျင်းပနိုင်ရန် လျာထားပြီး ဖြစ်ကြောင်း၊ မတ်လ(၂၅)ရက်နေ့တွင် ရောက်ရှိလာမည့် ဆရာတော်ကြီးများနှင့် ကပ္ပိယများအတွက် တည်းခိုမည့်နေရာကိစ္စ၊ ဆွမ်းဆက်ကပ်ရေး၊ ကျန်းမာရေးပြုစု စောင့်ရှောက်မှု၊ သယ်ယူပို့ဆောင်ရေးကိစ္စ စသည်တို့ကို လုပ်ဆောင်နိုင်ရန် အကြိုညှိနှိုင်း အစည်းအဝေးတွင် သက်ဆိုင်ရာဌာနများမှ အကြံပြုဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃) ဦးစိုင်းလိတ်၊ အဖွဲ့ဝင်(၂) ဦးခွန်သိန်းမောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးလှဦး၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးနေလင်းနှင့် တက်ရောက်လာကြသည့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တင်ပြဆွေးနွေးကြပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။ မောင်မောင်သန်း(တောင်ကြီး)