ကျောက်ဆည် မတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်း လာစေရေး အတွက် ရည်ရွယ်ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၃၀၀) ကို ဖွံ့ဖြိုးမှုနည်းသည့် ကျေးရွာများအားရွေးချယ်ပြီး ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေရွာ(၂)ရွာအား မြစိမ်းရောင်စီမံကိန်းချေးငွေ ကျပ်သိန်း(၃၀၀)စီ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီခွဲက ဗလီကွင်းကျေးရွာပြည်သူများအား စီမံကိန်းချေးငွေများ ပထမအကြိမ်အဖြစ် ထုတ်ချေးပေးခဲ့ ကြောင်း သိရှိ ရသည်။
ထိုသို့စီမံကိန်းငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့်ဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအတိုင်း ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေး လုပ်ကိုင်သူ (၅၀)ဦး အတွက် ငွေကျပ် သိန်း(၁၄၀)ကျပ်၊ မွေးမြူရေးလုပ်ကိုင်သူ (၆၄)ဦး အတွက် ငွေကျပ် သိန်း(၁၆၀)ကျပ်၊ စုစုပေါင်း(၁၁၄)ဦးအတွက် ငွေကျပ်သိန်းပေါင်း (၃၀၀)ကျပ်ကို ထုတ်ချေးပေးခဲ့ကြောင်း သိရှိ ရသည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်တွင် ဗလီကွင်း ကျေးရွာနှင့် ဝမ်းသောင်ကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ ကျပ်သိန်း(၃၀၀)ကို ထုတ်ချေးပေးခဲ့ကြောင်း သိရှိရပြီး ဗလီကွင်းကျေးရွာတွင် အိမ်ခြေ(၂၃၀)အိမ်၊ အိမ်ထောင်စု(၂၅၇)စု၊ လူဦးရေ(၁၂၆၀)ဦး နေထိုင်လျက်ရှိပြီး ဝမ်းသောင်ကျေးရွာတွင် အိမ်ခြေ(၂၂၂)အိမ်၊ အိမ်ထောင်စု(၂၄၇)စု၊ လူဦးရေ(၉၇၄)ဦး နေထိုင်လျှက်ရှိပြီး ပြည်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အဓိက လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်း ပြုကြကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)