ကလော၌ အစားထိုးသီးနှံစိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာများ အခမဲ့ဖြန့်ဝေ

ကလော မတ် ၂၂ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်ကွဲအုပ်စုရှိ ကျေးရွာနေတောင်သူများအတွက် ဘိန်းအစားထိုးသီးနှံစိုက်ပျိုးနိုင်ရေးအတွက် ဓာတ်မြေဩဇာများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စန်းယုက ဘိန်းစိုက်ပျိုးမှု ပပျောက်စေရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့ပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သက်သက်အေး က ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးနိုင်ရေးအတွက် ဓာတ်မြေဩဇာများ ဖြန့်ဝေပေးခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က တောင်ကွဲ ကျေးရွာအုပ်စုရှိ ကျေးရွာနေတောင်သူများအား ရာသီ သီးနှံနှင့် နှစ်ချင်း သီးနှံများ စိုက်ပျိုးရေးအတွက် သဘာဝ ဓာတ်မြေဩဇာ ၃၀ အိတ် နှင့် ကွန်ပေါင်းဓာတ်မြေဩဇာ ၃၀ အိတ် စုစုပေါင်း မြေဩဇာ ၆၀ အိတ်တို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)