ရန်ကုန် မတ် ၂၂
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ သင်္ဘောဆိပ်ကမ်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အနယ်နယ်အရပ်ရပ် က ခရီးသွား မိဘပြည်သူများ၊ အစိုးရဝန်ထမ်းများနှင့် အထွေထွေလုပ်သားပြည်သူများစွာတို့ကို စီးပွား ရေးမြို့တော် ရန်ကုန်မြို့သို့ မြစ်တွင်းသွား ချယ်ရီသင်္ဘောများဖြင့် နေ့စဉ်ကူးတို့ ပို့ဆောင်ပေးလျက်ရှိ သော သင်္ဘောဆိပ်ကမ်းတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ လက်ရှိ အချိန်ထိ ခရီးသည်သွားလာမှု နည်းပါးသော်လည်း ခရီးသည်များ သွားလာရေး အဆင်ပြေချောမွေ့စေ ရေးအတွက် ရေယာဉ်ခရီးစဉ်များကို ပုံမှန်ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ သိရသည်။
“ပန်းဆိုးတန်း-ဒလ ကူးတို့ သင်္ဘောဆိပ်ကမ်းက အရင်တုန်းက တစ်နေ့ကို ခရီးသည် ၃၀၀၀၀ ကျော် သွားလာနေကြတာပေါ့၊ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပြီးတဲ့နောက်ပိုင်း လူဦးရေ တစ်ဖြည်းဖြည်း လျော့နည်းသွားတယ်၊ အဲ့ဒီအချိန်မှာလည်း ခေါက်ရေကို အတိုးအလျော့နဲ့ ခရီးသည်သွားလာမှု အဆင် ပြေဖို့အတွက် မရပ်နားဘဲ ပြေးဆွဲပေးခဲ့တယ်၊ လက်ရှိအခြေအနေနဲ့ အချိန်ကာလ ကန့်သတ်မှုရှိသော် လည်း ခရီးသည်သွားလာမှုကို ပိုပြီးတော့ ချောမွေ့အောင် ပြေးဆွဲပေးသွားမှာပါ၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ကာလအတွင်းမှာလည်း နှစ်စဉ်နှစ်တိုင်း ပြေးဆွဲပေးတဲ့အတိုင်းပဲ မရပ်နားဘဲ ခေါက်ရေလျော့ပြီးတော့ ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲ လက်ထောက်အထွေထွေမန်နေဂျာ ဦးလှဝင်းနိုင်က ပြောကြားခဲ့သည်။
ရန်ကုန် (ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ခရီးသည်သွားလာမှုအနေဖြင့် မတ်လ ၁၉ ရက်နေ့တွင် ခရီးသည် ၅၂၃၃ ဦး၊ မတ်လ ၂၀ ရက်နေ့တွင် ခရီးသည် ၃၇၇၁ဦး၊ မတ်လ ၂၁ ရက်နေ့တွင် ခရီးသည် ၄၀၂၅ ဦး ကူးသန်းသွားလာမှုရှိခဲ့ကြောင်း သိရသည်။ အနယ်နယ်အရပ်ရပ်က ခရီးသည်သွားလာမှု နည်းပါးသော်လည်း ရေယာဉ်ခရီးစဉ်များကို လက်ရှိအချိန်တွင် အစိုးရရုံးဖွင့်ရက်များ၌ အသွား ၃၅ ခေါက်၊ အပြန် ၃၅ ခေါက်နှုန်းဖြင့် လည်းကောင်း၊ ရုံးပိတ်ရက်များ၌ အသွား ၂၂ ခေါက်၊ အပြန် ၂၂ ခေါက် နှုန်းဖြင့်လည်းကောင်း ခရီးသည်များ အဆင်ပြေချောမွေ့စေရေးအတွက် ပြေးဆွဲပို့ဆောင်ပေးလျက်ရှိ သည်။ ထို့အတူ မတ်လအတွင်း ရန်ကုန်မြစ် အတွင်း၌ မကြာခဏ မြူနှင်းပိတ်မှု ဖြစ်ပွားခြင်းတို့ကြောင့် နံနက်အစောပိုင်းအချိန် သင်္ဘောခရီးစဉ် အချို့စောင့်ဆိုင်းခဲ့ရပြီး၊ မြူနှင်း ရှင်းလင်းချိန်တွင် ပုံမှန်ပြေးဆွဲ ပေးနေကြောင်း သိရသည်။
အဆိုပါ ပန်းဆိုးတန်း-ဒလ သင်္ဘောဆိပ်ကမ်းသည် စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ကူးသန်းသွားလာ ရာတွင် အဓိကအချက်အချာကျသော ဝင်ပေါက်၊ ထွက်ပေါက် တစ်ခုဖြစ်သည့် ဒလမြို့နယ် သင်္ဘော ဆိပ်ကမ်းမှတစ်ဆင့် ကူးသန်းသွားလာကြရသည်။ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားခင် ကာလများက အသွား ၄၆ ခေါက်၊ အပြန် ၄၆ ခေါက်နှုန်းဖြင့် နေ့စဉ် နံနက် ၅ နာရီခွဲမှ ည ၉ နာရီခွဲအထိ ပြေးဆွဲပေးခဲ့ရာ နေ့စဉ် ခရီးသည် ၃၀၀၀၀ ကျော် သွားလာလျက်ရှိပြီး နေ့စဉ်ဝင်ငွေကျပ် သိန်း ၃၀ ကျော် ကောက်ခံရရှိသည့် ဆိပ်ကမ်းတစ်ခုဖြစ်ပေသည်။
ချယ်ရီသင်္ဘောများတွင် စီးနင်းလိုက်ပါကြသည့် သံဃာတော်များနှင့် သီလရှင်များအား အခမဲ့ပို့ဆောင် ပေးပြီး ခရီးသည်ပြည်သူတစ်ဦးလျှင် ငွေကျပ် ၁၀၀ နှုန်းသာ ကောက်ခံလျက်ရှိခြင်းကြောင့် အခြေခံ လက်လုပ်လက်စား ပြည်သူများအားလုံး စီးနင်းနိုင်သည့် ခရီးသည်ခသက်သာသော စျေးနှုန်းလည်း ဖြစ်သည်။ ထို့အတူ နိုင်ငံခြား ခရီးသည်ခ အနေဖြင့် အသွားအပြန် မြန်မာငွေကျပ် ၄၀၀၀ နှုန်းဖြင့် သတ်မှတ်ကောက်ခံကြောင်း သိရသည်။
ဂျပန်နိုင်ငံ JICA အဖွဲ့အစည်းမှ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် ချယ်ရီရေယာဉ်သုံးစင်း၊ ဒလမြို့ ဆိပ်ကမ်းရှိ ခရီးသည် နားနေဆောင်နှင့် ဆိပ်ခံတံတားနှစ်စင်းတို့ကို လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ရာ ယခု ၂၀၂၁ ခုနှစ်တွင် ၇ နှစ် နီးပါးကာလ ရောက်ရှိပြီးဖြစ်သလို ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်က ခရီးသည်ပေါင်း မြောက်များစွာတို့၏ လိုရာခရီးသို့ အဆင်ပြေချောမွေ့အောင် သွားလာနိုင်ရေး အကောင်းဆုံး ဝန်ဆောင်မှုပေးလျက်ရှိသော၊ နေ့စဉ် လူစည်းကားလျက်ရှိသော သင်္ဘောဆိပ်ကမ်းတစ်ခု ပင်ဖြစ်သည်။
နိုင်လင်းကျော်(IPRD)