တွံတေး မတ် ၂၂
လူတိုင်း လူတိုင်းသည် ကျန်းမာရေးက အဓိကဖြစ်သည်။ ကျန်းမာမှ အလုပ်လုပ်နိုင်မှာပါ။ ဒါ့ကြောင့် ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးပါပဲ။ ကျန်းမာရေးကို ဝယ်လိုလည်း မရသလိုလက်ဆောင်လည်း ပေးလို့မရပါဘူး။ မကျန်းမာမှ ကျန်းမာခြင်း၏ တန်ဖိုးကို လူတိုင်းနားလည်တတ်ကြသည်။ မြို့ပြမှာ မကျန်းမာသူတွေ့အဖို့ ဆေးရုံဆေးခန်းရှိလို့ သိပ်မကြောင့်ကြရသော်လည်း ဆေးရုံ ဆေးခန်းဝေးသော ကျေးလက်ဒေသမှာဆိုလျှင် မီးဖိုချောင်မှရသော အဖိုးနည်းမီးဖိုချောင်သုံးဆေးဖက် ဝင်ပစ္စည်းများက လည်း လူအသက်တစ်ချောင်းကို ကယ်နိုင်စွမ်းရှိပေသည်။
စပါးလင်ကို ဟင်းချက်ရာတွင်လည်ကောင်း၊ မုန့်ဟင်းခါးချက်ရာမှာ စပါးလင်သည် မပါမဖြစ် ပစ္စည်း တစ်မျိုးပါ။ အိမ်ရှင်များ အမွှေးအကြိုင် တစ်မျိုးဖြစ်ပြီး စပါးလင်ကို အမဲအူပြုတ် ငါးခေါင်းဟင်းချို၊ ငါးရံ့ဆန်လှော်ဟင်းစသော မြန်မာ့အစားအစာတွေမှာ စပါးလင်ကို မပါမဖြစ် ထည့်သုံးလေ့ရှိပါတယ်။
စပါးလင်ကို မြန်မာ့နိုင်ငံ၌ သာမက ကမ္ဘာအနှံအပြားမှာ စိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံတွင် မြစ်ဝကျွန်းပေါ်ဒေသများသာမက နေရာအတော်များများမှာ စိုက်ပျိုးကြပါတယ်။ တွံတေးမြို့နယ်တွင် ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာနှင့် ငါးမွေးမြူရေး ကန်ဘောင်များ၌ စီးပွားဖြစ် စိုက်ပျိုး ကြသည်ကို တွေ့ရှိရသည်။ စပါးလင်သည် ပူနွေးစိုစွတ်သည့် ရာသီဥတုကို ကြိုက်နှစ်သက်ကာ ပိုမိုဖြစ်ထွန်းသည်။ သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံတွေ့မှာတော့ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ကြကြောင်း သိရှိရသည်။
စပါးလင်သည် အစုလိုက်အပြုံလိုက် ပေါက်ရောက်တတ်ပြီး အပင်အမြင့်မှာနှစ်ပေမှ သုံးပေခန့်အထိ ရှိတတ်ကြသည်။ အရွက်မှာ အပြားသေးပီး အဖျားရှူးသည်။ အစိမ်းရင့်ရောင်ရှိသည်။ အရွက်က ထွတ်သော အနံထွတ်အဆီက အဓိကအသုံးဝင်သည်။ အရွက်တွင် အငွေ့ပျံဆီ ၇၀ ရာခိုင်နှုန်းခန့် ပါဝင်ပြီး အဓိက Cintronella ပါဝင်နေသည်။ ဒီဒြပ်ပေါင်းနှစ်မျိုး စလုံးကဟင်းခတ် အမွှေးအကြိုင်နှင့် စိတ်ငြိမ်စေသော အာနိသင်ရှိကြောင်း လေ့လာသိရှိရသည်။ လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဆပ်ပြာမွှေး ရေမွှေး ပြုလုပ်ရာမှာလည်း စပါးလင်ဆီကို အသုံးပြုကြောင်း သိရသည်။
နေရာအနှံ့အပြားမှာ စပါးလင်ကို အစာအဖြစ်လည်းကောင်း ဆေးဝါးအဖြစ်လည်းကောင်း သုံးစွဲကြ သည်။ အိန္ဒိယဆေးကျမ်းများအရ ဝမ်းဖော ဝမ်းယောင် ဗိုက်နာရောဂါအတွက် စပါးလင်ကို အသုံးပြုကြသည်။ အဆစ်အမြစ် ကိုက်ခဲလျှင် စပါးလင်ကို ကြိတ်ပြီး ရရှိသော သတ္တုရည်ကို ဒဏ်ကြေ
လိမ်းဆေးအဖြစ် သုံးစွဲကြသည်။ အဆီကိုလည်း ပွေးဆေး၊ ရှူဆေးအဖြစ် သုံးစွဲနိုင်သလို လေဖြတ်တာ၊ လေငန်းစွဲ ကိုယ်တစ်ခြမ်းသေတဲ့ရောဂါအတွက်လည်း စပါးလင်ဆီဟာ အဓိကလိမ်းဆေးအဖြစ် အသုံး ဝင်ပါသေးသည်။ ခြေလက် ယောင်ရမ်းတာ လောက်ကတော့ ဆေးထိုး ဆေးမသောက်ရဘဲ စပါးလင်ကို ထုထောင်း ဆန်လွတ်နနွင်းမှုန့်နှင့် ရောစပ်ကာ ကြပ်ထုပ်ထိုးရင် သက်သာပျောက်ကင်းကြောင်း သိရ သည်။
မြန်မာတိုင်းရင်းဆေးအလိုအရ အစာမကြေတဲ့အခါ ခံတွင်းပျက်တဲ့အခါ အဂန္တုဖျားတဲ့အခါ ရေနွေးမှာ စပါးလင် ခတ်ပြီး လက္ဘ်ရည်ကဲ့သို့ သောက်ပေးပါက ရောဂါပျောက်ကင်းကြောင်း တွေ့ရသည်။ ထို့အပြင် စပါးလင်ကို ပဉ္စငါးပါးပြုတ်ပြီး ဆားအနည်းငယ်ခတ်လို့ ချောင်းဆိုးပျောက်ဆေးအဖြစ် ရေလဲသုံးစွဲ၍ ရပါသေးသည်။ အမျိုးသမီးများ ကိုယ်လက်နာကျင် ကိုက်ခဲနေလျှင် စပါးလင်နှင့် ငရုတ်ကောင်း ရောစပ်ပြုတ်၍ အရည်ကို သင့်တင့်ရုံ သောက်ပေးပါက နာကျင်ကိုက်ခဲသည့်ဝေဒနာ ပျောက်ကင်း သက်သာစေပါသည်။
မြန်မာ့ ၁၂ လရာသီများအနက် ဝါဆို - ဝါခေါင်လ ဝဿနာဥတုလို အမည်ရပြီး အဆိုပါ ရာသီတွင် သဘာဝကအပ လေအားကြီးလိုသည်း ခြေငုပ်မယ်၊ လေပျက်လို ဝမ်းမီးမကောင်းဖြစ်တတ်ပါသည်။ ယင်းရာသီအချိန်မှာ အဆီအစေးမရှိတဲ့ အေးတဲ့လေကို ပျက်စေသော အစားအစာကို ရှောင်သင့်ပါတယ်။ အစာကြေလွယ်ပြီး ချို၊ ဆိမ့်၊ စပ်၊ ခါး အရသာစားသင့်ပြီး စပါးလင်ဟာ ပူ၊ စပ်၊ ခါး အရသာရှိကာ ဝမ်းမီးကို တောက်စေသည်။ အစာကိုကြေလွယ်သည်။ လေသလိပ်ကို ချေဖျက်နိုင်သည်။ သွေးကိုကြွစေ သည်။ ခံတွင်းမကောင်းတဲ့အနံ့အသက်ကို ပျောက်ကင်းစေတတ်တယ်လို အာဟာရစွယ်စုံကျမ်းမှာ ဆိုထားပါသည်။
အထူးသဖြင့် စပါးလင်နှင့် ကြက်သား ရောချက်လျက်ထားသော ကာလသား အရည်သောက်ဟင်း တစ်ခွက်သည် အမျိုးသားများအတွက် ခွန်အားကိုဖြစ်စေတယ်ဟု ဆိုပြန်ပါတယ်။ ထို့ကြောင့် အစာ လည်းဆေး ဆေးလည်းအစာ ဆိုသကဲ့သို့ ရာသီဥတုနှင့် အချိန်ညှိပြီး အာဟာရ မျှတအောင် မှီဝဲစားသုံးမည်ဆိုလျှင် အနာရောဂါကင်းဝေးပြီး ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သည့် မီးဖိုချောင်သုံး ဆေးဖက်ဝင် စပါးလင်အကြောင်း တင်ပြလိုက်ရပါသည်။
မျိုးလှိုင် တွံတေး