မြောက်ဦး မတ် ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာရှိ တိုက်ပွဲရှောင်စခန်းမှ မီးဘေးသင့် အိမ်ထောင်စု (၆၆၃)စုအတွက် ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် ခရိုင်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီတို့ ပူးပေါင်း၍ ထောက်ပံပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိန်ညို ကျေးရွာသစ် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း၌ မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ထောက်ပံ့ပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာတွင် တိန်ညိုတိုက်ပွဲရှောင်စခန်းမှ မီးဘေး သင့်ခံရသော အိမ်ထောင်စု(၆၆၃)စုအတွက် ထောက်ပံ့ပစ္စည်းများဖြစ်သော မိုးကာစ၊ စောင်၊ ဆေးစိမ် ခြင်ထောင်၊ အမျိုးသားဝတ်ပုဆိုး၊ အမျိုးသမီးဝတ်လုံချည်၊ ကျောင်းသားဝတ်အင်္ကျီ၊ ဘောင်းဘီ၊ ကျောင်းသူ ဝတ်အင်္ကျီ၊ စကတ်၊ နိုင်လွန်ကြိုး၊ တူ၊ မီးဖိုချောင်သုံးပစ္စည်း ၁၄ မျိုးပါဝင်သော Family Kit (၆၆၃)ဗူး၊ တစ်ကိုယ်ရည်သုံး ပစ္စည်းများဖြစ်သော မျက်နှာသုတ်ပဝါ၊ သွားတိုက်တံ၊ သွားတိုက်ဆေး စသောပစ္စည်း ၉ မျိုးပါဝင်သည့် Hygiene Kit (၆၆၃)ဗူး၊ ခြင်ထောင်(၆၆၃)လုံးနှင့် Dignity Kit (၆၆၃)ခုတို့အား ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မီးဘေးသင့် ပြည်သူများအား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာသို့ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းရွှေ၊ ပြည်နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးမြင့်ထွေး၊ စစ်တွေခရိုင်တပ်ဖွဲ့မှူး၊ မြောက်ဦးမြို့ ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဦးရွှေသန်း၊ ဒုဥက္ကဋ္ဌ ဦးမောင်းသိန်းလှိုင်၊ မြို့နယ်တပ်ဖွဲ့မှူး ဦးမြင့်အေး ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင် ၂၄ ဦး၊ ကျောက်တော်မြို့နယ်တပ်ဖွဲ့မှူး ဦးဗိုလ်အောင်သိန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် မီးဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)