ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နေရပ်ပြန်နန်ဆန်ယန်ကျေးရွာတွင် ပြန်လည် နေထိုင်လျက်ရှိသော ပြည်သူများအား ဆန်ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား မတ် ၂၁ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်းရှိ IDPs စခန်းများမှ ၎င်းတို့၏နေရပ် နန်ဆန်ယန် ကျေးရွာ၌ ပြန်လည်အခြေချ နေထိုင်လျက်ရှိသော မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် နန်ဆန်ယန် ကျေးရွာမှ ပြည်သူများအတွက် ဆန်ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံချုပ်အုပ်ချုပ်ရေး ကောင်စီရုံး၊ ဆမားဒူဝါဆင်ဝါး နော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ IDPs စခန်းမှ နေရပ်စွန့်ခွာပြည်သူများအား ၎င်းတို့၏ မူလနေရပ်သို့ ပြန်လည်အခြေချနေ ထိုင်နိုင်ရေးသည် စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်လည်း တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင် သွားမည်ဟု ထုတ်ပြန်ကြေညာ ထားပြီးဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်းရှိ IDPs စခန်းနေပြည်သူများ နေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးကို မိမိတို့ကောင်စီအနေဖြင့် အဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းညှိနှိုင်းပြီး ပြည်သူများနှင့်အတူ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။ ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ကျော်လင်းအောင်၊ ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်နှင့် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးတို့က နန်ဆန်ယန် ကျေးရွာတွင် ပြန်လည်အခြေချ နေထိုင်လျက်ရှိသော အိမ်ထောင်စု(၁၁၆)စုတို့အတွက် ဆန်အိတ်(၁၀၀)၊ ဟင်းချက်ဆီ ဗူး (၁၀၀)၊ ဆားအထုပ် (၂၀၀)နှင့် ငွေကျပ် (၁၀၀၀၀)နှုန်းစီတို့ဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် (၅၃၅၆၀၀၀)နှင့် အလှူရှင်ခိုင်ခန့်မြဲကုမ္ပဏီက ဆန်(၂၇)အိတ်တို့ကို အသီးသီးထောက်ပံ့ ပေးအပ်ကြရာ ဒေသခံ ပြည်သူများက လက်ခံရယူခဲ့ကြပြီး ကျေးရွာနေပြည်သူများ ကိုယ်စား ဘုန်းတော်ကြီး ဖာသာ ဒေါက်တာ ဂေါလူယုံဝါက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အခမ်းအနားတက်ရောက် လာကြသည့် ကျေးရွာနေ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြပြီး ဒေသခံပြည်သူများနှင့်အတူ မနက်စာကို အတူတကွ စားသောက်ခဲ့ကြသည်။ ပြည်နယ်(ပြန်/ဆက်)