ကျောက်ဆည် မတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သက်ကြီးအဘိုးအဘွားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ဆေးထိုးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ စီစဉ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများမှ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက် ၉ နာရီက ပြည်သူ့ဆေးရုံကြီးတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးပေးခြင်းများကို မတ်(၁၀)ရက်မှ စတင်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ခဲ့ရာ ယမန်နေ့က ကြက်မင်းတွန်ရပ်ကွက်နှင့် စုကြီးရပ်ကွက်မှ အသက်(၆၀)အထက် အဘိုးအဘွားများနှင့် ပြည်သူများအား ကာကွယ်ဆေးထိုးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပြီး အခက်အခဲ ဖြစ်ပေါ်လာပါက အကူအညီပေးနိုင်ရေး မြန်မာနိုင်ငံ လူမှုကူညီရေးအဖွဲ့ (ကြက်မင်းတွန်ရပ်ကွက်၊ ကျောက်ဆည်) က ကျန်းမာရေးစောင့်ရှောက်မှု ကားများဖြင့် အသင့်စောင့်ဆိုင်းပြီး အကူအညီများ ပေးလျက် ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး(၂၆၁၀)ဦး ထိုးပြီးခဲ့ကြောင်းနှင့် ကာကွယ် ဆေးထိုးရန် ကျန်ရှိပြည်သူများအား အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဆက်လက် ထိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)