တနင်္သာရီ မတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်း (ဒုတိယ)သုတ်၊(ပထမ)အကြိမ်အဖြစ် ဆရာတော်/ သံဃာတော် အရှင်သူမြတ်များ၊ ဝန်ထမ်းများနှင့်အသက်(၆၅)နှစ်နှင့်အထက်အသက်ကြီးသူများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်းတွင် ယမန်နေ့ နံနက်၉ နာရီမှ ညနေ(၅)နာရီအထိ(၃၀၈)ဦးအားထိုးနှံပေး နိုင်ခဲ့ပြီး၊ မတ်လ(၁၅)ရက်မှမတ်လ(၁၈)ရက်ညနေအထိ လူဦးရေစုစုပေါင်း (၇၇၄)ဦးတို့ကို ထိုးနှံပေးပြီးဖြစ်ကြောင်း သိရှိရသည်။ ယင်းသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်၏ လမ်းညွှန်မှုဖြင့် တနင်္သာရီမြို့နယ်၊ မောတောင်မြို့(၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံမှ တာဝန်ခံဆရာဝန်ဒေါက်တာသီဟအောင်မှကြီးကြပ်၍ ညောင်ပင်ကွင်းရွာ ကျေးလက်ကျန်းမာရေး ဌာနမှ ကျန်းမာရေးမှူးဦးမြတ်သီလနှင့် သားဖွားဆရာမများနှင့် တနင်္သာရီတပ်နယ်မှ သားဖွားဆရာမ များက ကာကွယ်ဆေးထိုးနှံပေးကြပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနဝန်ထမ်း၊ ဆရာမများက ပူးပေါင်းကူညီဆောင်ရွက်ပေးကြသည်။ ကာကွယ်ဆေးထိုးနှံခြင်းမပြုမှီ ရှေးဦးစွာ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ် အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ဆေးမထိုးရအုပ်စု မှန်/မမှန်စိစစ်ပြီး မှတ်ပုံတင်ခြင်း၊ ကာကွယ်ဆေးကိုထိုးနှံပေးခြင်းဆောင်ရွက်ပေးပြီး ဆေးဓာတ်မတဲ့ခြင်းနှင့် ဆေး၏ဘေး ထွက်ဆိုးကျိုး လက္ခဏာတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ချက်ခြင်းအရေးပေါ်တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် မိနစ်(၃၀)အကြာ စောင့်ကြပ်ကြည့်ရှုပေးရန် စီစဉ်ထားရှိကြောင်း သိရှိရသည်။ တနင်္သာရီမြို့နယ်နှင့်မောတောင်မြို့တွင် တာဝန်ထမ်းဆောင်နေသည့်နိုင်ငံဝန်ထမ်း(၁၃၀၀)ဦးခန့်၊ ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် လူမှုရေး အသင်းအဖွဲ့များမှ ပရဟိတအဖွဲ့ဝင် (၂၀၀)ဦးခန့်စုစုပေါင်းလူဦးရေ(၁၅၀၀)ဦးကို ပြီးစီးသည်အထိထိုးနှံပေးသွားမည်ဖြစ်ပြီး နောက် ထပ်(၂၈) ရက် အကြာ ဧပြီလ(၂၄)ရက်နေ့တွင်(ဒုတိယ)အကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးမည်ဖြစ် ကြောင်း ဒေါက်တာသီဟအောင်ထံက သိရှိရသည်။ တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးခြင်းလုပ်ငန်း(ပထမ)သုတ် (ပထမ)အကြိမ် အဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများ/ဆရာမပေါင်း(၁၆၄)ဦးတို့ကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်နှင့်(၂၈)ရက်က ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)