တွံတေး မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီမှ စတင်ပြီး နေ့လယ် ၂ နာရီအချိန်ထိ တွံတေးမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရ သည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ဆေးထိုးမည့်သူများအား ကနဦး ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်စေပြီး ကျန်းမာရေးကောင်းမွန်သူများအား ကာကွယ်ဆေးထိုးနှံခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ပေးလျက်ရှိသည်။
တွံတေးမြို့နယ်အတွင်း အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများကို ပထမဦးဆုံးအကြိမ်အဖြစ် ကာကွယ်ဆေးထိုးခြင်းကို ယနေ့တွင် ဆက်လက်ဆေးထိုးပေးလျက်ရှိ ကြောင်း၊ ဆေးထိုးစုရပ်အနေဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယမန်နေ့ က ကျန်းမာရေးဝန်ထမ်းများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း၊ သက်ကြီး ရွယ်အိုများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံလျက်ရှိသည်။
ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ စသည့် နာတာရှည်ရောဂါ အခံရှိသောသူများနှင့် ယင်းရောဂါများ အတွက် သက်ဆိုင်ရာ ဆေးဝါးများ သောက်သုံးနေရသောသူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုး၍ ရကြောင်း၊ ရောဂါအခံရှိနေသော သူများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရလျှင် အသက် အန္တရာယ် စိုးရိမ်ရသောကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးသင့်သော သူများဖြစ်ကြောင်း သိရသည်။
ကိုဗစ်- ၁၉ ကာကွယ်ဆေးမထိုးခင် သွေးပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းများ ဆောင်ရွက်ပြီး ပုံမှန်အဖြစ်မှ ဆေးထိုးပေးကြောင်း သိရသည်။ ကာကွယ်ဆေးထိုးပြီးတော့ ထူးခြားမှုရှိ၊ မရှိကို နာရီဝက် စောင့်ကြည့်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ကာကွယ်ဆေးနှင့် ဓာတ်တည့်မှုရှိ၊ မရှိနှင့် ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများ ရှိ၊ မရှိအတွက် သတ်မှတ်နေရာများတွင် နာရီဝက်ခန့် စောင့်ကြည့်စေပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်း များက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)