မိုင်းဆတ် မတ် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၌ ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် အဲန်တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝမ်ပြန့်-ဝမ်အင်ကျေးရွာချင်းဆက် ကျောက်ခင်းလမ်းဆောင်ရွက်နေမှုအား ယနေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ်(၂၄၄.၃၄)သန်းဖြင့် ဝမ်ပြန့်-ဝမ်အင်ကျေးရွာချင်းဆက်ကျောက် ခင်းလမ်း အရှည် ၁ မိုင် ၄ ဖာလုံအား တင်ဒါအောင်မြင်သည့် ရွှေရည်ဝင်းလျှံကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့်တာဝန်ရှိသူများက ကွင်းဆင်း တိုင်းတာစစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါလမ်း ဆောင်ရွက်ပြီးစီးပါက ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ဝမ်အင်ကျေးရွာရှိ အဲန်တိုင်းရင်းသား အိမ်ခြေ(၁၉)အိမ်နှင့်ဝမ်ပြန့်ကျေးရွာရှိ အိမ်ခြေ(၇၆)အိမ်၊ လူဦးရေပေါင်း(၄၇၄)ဦးတို့၏ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့လာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော် (မိုင်းဆတ်)