ဒလမြို့နယ်၌ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

ရန်ကုန် မတ် ၁၇ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာများမှ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ အား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်ကြီးစံပြကျေးရွာရှိ တိုက်နယ်ဆေးရုံနှင့် ဓနုတ်စံပြကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း တို့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ ဒလမြို့‌ပေါ်ရှိ ရပ်ကွက်(၂၄) ရပ်ကွက် နှင့် ကျေးရွာအုပ်စု(၂၃)အုပ်စု၊ ကျေးရွာပေါင်း ၅၄ ရွာတို့ရှိ အသက် ၆၅ နှစ် အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မတ်လ ၁၇ ရက်နေ့မှ စတင်ပြီး မတ်လ ၁၉ ရက်နေ့ အထိ ၃ ရက်တိုင်တိုင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ ထိုးနှံပေးသွားမည်ဖြစ်သည်။ အလားတူ မတ်လ ၃ နေ့မှ မတ်လ ၅ ရက်နေ့အထိ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွား (၄၁၈) ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးပြီးကြောင်းသိရသည်။ ဒလမြို့နယ် အတွင်း၌ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားစုစုပေါင်း ၁၀၀၀၀ နီးပါးခန့်ရှိကြောင်းသိရသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ဆေးထိုးမည့်သူများအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်စေပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ပြုလုပ် ပေးလျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံပြီးသူများအား ကာကွယ်ဆေးနှင့် ဓာတ်တည့်မှု ရှိ၊ မရှိနှင့် ပြင်းထန်သည့် ဘေးထွက် ဆိုးကျိုးများရှိ၊ မရှိအတွက် သတ်မှတ်နေရာများတွင် နာရီဝက်ခန့်စောင့်ကြည့်စေပြီး လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက အနီးကပ် ကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိပြီး မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(IPRD)