မိုင်းယောင်း၌ မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေး ဆွေးနွေး

မိုင်းယောင်း မတ် ၁၇ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူကို ဗဟိုပြုပြီး အသိပညာပေးလုပ်ငန်းများကို ကျေးရွာအရောက်ကွင်းဆင်းပြီး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာမှ လတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ အခြေအနေများ ကြောင့် ယခုလို Talk Show အသိပညာပေး ဆွေးနွေးပွဲများကို ကျင်းပပြီး ပြည်သူများသိရှိနိုင်ရေး အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းနှင့် ဝန်ထမ်းများက မသန်စွမ်းသူဆိုသည်မှာ မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်ကာယအမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံ ခံစားမှုပိုင်းဆိုင်ရာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ချို့ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေရသူတို့ကို ဆိုလိုကြောင်း၊ မသန်စွမ်းသူများ ခံစားခွင့်ရှိသည့် အခြေခံအခွင့်အရေးများအကြောင်း၊ နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးကို အလေးပေး ဆောင်ရွက် နိုင်ကြစေရန် ကမ္ဘာတစ်လွှား အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို သတ်မှတ် ကျင်းပလျက်ရှိကြောင်း စသည့် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အားချာ