မိုင်းယောင်း မတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၏ ဦးဆောင်စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ မတ် ၁၆ ရက်နေ့က ထိုးနှံပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် သံဃာတော်များ၊ လူငယ်လူရွယ်များ၊ လူကြီးများနှင့် သက်ကြီးရွယ်အိုများအပါအဝင် မြို့၊ ရွာအတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများအား နယ်မြေခံဆေးတပ်ရင်းများမှ တပ်မတော်သား ဆရာဝန်များ၊ ဆေးမှူးများနှင့် သူနာပြုများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီးနောက် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား အားပေးစကား ပြောကြားသည်။
မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(COVISHIELD)ကို မတ် ၁၁ ရက်က စတင်ထိုးနှံပေးခဲ့ရာ မတ် ၁၁ ရက်တွင် ဒေသခံပြည်သူများ ၄၁၀ ဦးကိုလည်းကောင်း၊ မတ် ၁၂ ရက်တွင် ၁၀၄၀ ဦးကိုလည်းကောင်း၊ မတ် ၁၃ ရက်တွင် ၃၈၀ ဦးကိုလည်းကောင်း၊ မတ် ၁၄ ရက်တွင် ၃၂၀ ဦးကိုလည်းကောင်း၊ မတ် ၁၅ ရက်တွင် ၄၅၀ ဦးကိုလည်းကောင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အဆင်ပြေစေရန် ထွေ/အုပ်နှင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ မျိုးဆက်သစ်ရောင်နီ ပရဟိတလူမှုကူညီရေးအသင်းတို့က ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း