မိုင်းယောင်း မတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မိုးလုံလေလုံ အားကစားခန်းမ စုရပ်၌ ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်သား ဆရာဝန်များ၊ ဆေးမှူးများနှင့် သူနာပြုများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(COVIDSHIELD) ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ရှေးဦးစွာ တပ်မတော်သား ဆရာဝန်နှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ ကိုယ်အပူချိန် တိုင်းတာပေးကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသည့်အခါ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အထူးဂရုစိုက်ရမည့်သူများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် New Normal စသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့် စပ်လျဉ်း၍ ရှမ်း၊ အာခါ စသော ဒေသတိုင်းရင်းသား ဘာသာစကား ကျွမ်းကျင်သူများ၏ ဘာသာပြန်ပေးခြင်းနှင့်အတူ အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး သိရှိလိုသူများ၏ မေးမြန်းမှုများကိုလည်း ပြန်လည် ဖြေကြားပေးသည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(COVIDSHIELD)ကို စတင်ထိုးနှံပေးပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများအား ချက်ချင်း မပြန်စေဘဲ မိနစ် ၃၀ ကြာ သက်တောင့်သက်သာ အနားယူစေခြင်း၊ ကာကွယ်ဆေး၏ အစွမ်းသက်ရောက်မှုကို စောင့်ကြည့်ခြင်း၊ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူနှင့် အဖွဲ့ဝင်များ၊ မိုင်းယောင်းတပ်နယ် တပ်နယ်မှူးနှင့် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့ အသီးသီးရှိ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားခဲ့ကြသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးကို မိမိသဘောဆန္ဒအလျောက် ထိုးနှံရမည်ဖြစ်ကြောင်း၊ မဖြစ်မနေ ကာကွယ်ဆေး ထိုးနှံမည်ဟု ဆုံးဖြတ်ပါက သတ်မှတ်ထားသည့်အတိုင်း အမျိုးအစားတူသည့် ကာကွယ်ဆေးကို နှစ်ကြိမ်ပြည့်အောင် ထိုးနှံရကြောင်း၊ ကာကွယ်ဆေး နှစ်ကြိမ်ပြည့်အောင် ထိုးပြီး နှစ်ပတ်ကြာမှ ခန္ဓာကိုယ်က ရောဂါခုခံစွမ်းအား ထွက်မည်ဖြစ်ကြောင်း၊ ရောဂါကာကွယ်နိုင်စွမ်းကို အပြည့်အဝ ရရှိမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း