ကျိုင်းလပ် မတ် ၁၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ထိုးနှံပေးခြင်းကို ဆေးသူနာပြုများ၊ ဌာနဆိုင်ရာများ၊ လူမှုရေး ကူညီမှုအသင်းအဖွဲ့များ စုပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၂)ရပ်ကွက် အ.ထ.က (ဝမ်နတ်)ကျောင်းစုရပ်၌ ကျိုင်းလပ်မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက် ၆၅ နှစ်အထက် ပြည်သူများ နှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါအိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) တစ်လုံးကို လူဆယ်ဦးခန့်ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ ဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးပြီး မိနစ် သုံးဆယ်ကြာ တာဝန်ရှိသူများက ကျန်းမာရေးအခြေအနေ စောင့်ကြည့်ပြီးမှသာ သွားလာခွင့် ပေးခဲ့ကြောင်း သိရသည်။
ကျိုင်းလပ်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မတ်လ ၁၁ ရက်မှ ၁၄ ရက်နေ့ အထိ ထိုးနှံပေးမည်ဖြစ်ပြီး ကျန်ရှိနေသည့် ကျေးရွာအုပ်စု/ ရပ်ကွက်များမှ ပြည်သူများ ကာကွယ် ဆေး ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်/ကျေး စာရေးများနှင့် အုပ်ချုပ်ရေးမှူးများက စာရင်း ကောက်ယူထားကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)