ချင်းရွှေဟော်၌ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းဆောင်ရွက်

ချင်းရွှေဟော်       မတ်   ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ အသက်(၆၅)နှစ် အထက်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသက်ဦးပိုင်နှင့်ကော်မတီအဖွဲ့ဝင်များကကြီးကြပ်၍ လိုအပ်သည်များစီမံဆောင်ရွက်ပေးခဲ့ကာ ချင်းရွှေဟော်နယ်မြေခံ ဆေးတပ်ဖွဲ့ မှ ဗိုလ်ကြီးဉာဏ်လင်းထွန်း နှင့် အဖွဲ့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှလမ်းညွှန်ချက်များနှင့်အညီ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ယနေ့နံနက်(၁၁)နာရီအချိန်မှ မွန်းလွဲ(၄)နာရီ အချိန်အထိ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုဘွား(၂၂)ဦး နှင့် မြို့အဆင့်ဌာနဆိုင်ရာဝန်ထမ်း(၆၇)ဦး စုစုပေါင်း(၈၉)ဦးတို့ ထိုးနှံပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား မတ်လ(၁၂)ရက်နေ့တွင် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)